သစ်တောကြိုးဝိုင်းအတွင်း ခဲသတ္တုချိုးများ လာစွန့်ပစ်သူကို သစ်တောဥပဒေဖြင့်အမှုဖွင့်
DVB
·
October 11, 2019
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် သစ်တောကြိုးဝိုင်းအတွင်း ခဲအဆိပ်သင့်မှုဖြစ်ပွားနိုင်တဲ့ ခဲသတ္တုချိုးတွေ လာရောက်စွန့်ပစ်နေတာကို တွေ့တဲ့အတွက် ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းတို့ကို အောက်တိုဘာ ၉ ရက်က သစ်တောဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ တိုက်ကြီးမြို့မစခန်းက သိရပါတယ်။
အောက်တိုဘာ ၄ ရက်က တောင်လှိုင်ရိုးမသစ်တောကြီးဝိုင်း အကွက်အမှတ်(၁၇)၊ ဖူးကြီးဆည်အနီး ခဲသတ္တုချိုးတွေ လာရောက်စွန့်ပစ်နေတဲ့သတင်းကြောင့် တိုက်ကြီးမြို့နယ် သစ်တော ဦးစီးဌာနက ဝန်ထမ်းတွေ သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ရန်ပိုင်မောင်းတဲ့ ယာဉ်နဲ့ ခဲသတ္တုချိုး ၂ တန်လောက် လာရောက်စွန့်ပစ်နေစဉ် ဖမ်းဆီးရမိခဲ့တာပါတယ်။
အဆိုပါ စွန့်ပစ်ခဲတွေဟာ မြောင်းတကာစက်မှုဇုန် MYSA ROO ကုမ္ပဏီက ခဲသန့်စင်ရုံကထွက်ရှိချိုးတာဖြစ်ပြီး အရင်ကလည်း တန်ချိန် ၄ တန်လောက်ကို ကားနဲ့ ၂ ခေါက် လာရောက်စွန့်ပစ်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် သစ်တောဦးစီးဌာနက တရားစွဲဆိုခဲ့တာလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ခဲသတ္တုချိုးတွေ လာရောက်စွန့်ပစ်တဲ့ ယာဉ်မောင်း ရန်ပိုင်နဲ့ ယာဉ်ပိုင်ရှင် ဦးဖိုးတုတ် မြောင်းတကာ စက်မှုဇုန်မှာ နေထိုင်သူတို့ကို သစ်တောဥပဒေပုဒ်မ-၄၀ (က)(၃)နဲ့ တိုက်ကြီးမြို့မရဲစခန်းက အမှုဖွင့်ထားတယ်လို့တာဝန်ရှိသူတဦးကပြောပါတယ်။
ခဲသတ္တုတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး အနံ့ဆိုးတွေထွက်ရှိတဲ့အတွက် အနံ့တွေ ရှူရှိုက်မိပါက ခဲအဆိပ်သင့်ရောဂါဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။
သတင်း - မေသွယ်