Home
မြန်မာသတင်း
သာစည်မြို့နယ်တွင် မိုးခေါင်ပြီး  စပါးစိုက်ရန် အခက်ကြုံ
DVB
·
October 11, 2019
မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ သပြေဝအုပ်စု၊ မြို့ကြီးကုန်းရွာမှာ မိုးခေါင်နေတာကြောင့် စပါးပျိုးခင်းတွေ ပျက်စီးလာနေတယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်နဲ့ အုပ်ချုပ်ရေး အာဏာပိုင်တို့က  ပြောပါတယ်။ မြို့ကြီးကုန်ရွာခွဲ အုပ်ချုပ်ရေးမှူးဦးအောင် နိုင်ဝင်းက "ကျနော်တို့ရွာရဲ့ အဓိက အသက်မွေးဝမ်းကျောင်းက စိုက်ပျိုးရေးလုပ်ကြတာပါ၊ အထူးသဖြင့်တော့ စပါးစိုက်ကြတယ်။ ဒီနှစ်တော့ စပါးပျိုးထားတာတွေ စိုက်ပျိုးလို့ရအောင် မိုးမရွာဖူး မိုးခေါင်နေတယ်။ တချို့ တောင်သူတွေရဲ့ စပါးပျိုးခင်းတွေဆို ပျက်စီးလုနီးပါး ဖြစ်ကုန်ပြီ။ လွန်ခဲ့တဲ့ ၃နှစ်လောက်ကတော့ ရွာတောင်ဘက်ရေမြောင်းက ရေလာဖူးတယ်။ ကန်တွေထဲ ရေလှောင်ပြီး စိုက်ခဲ့ဖူးတယ်။ ရေမလာတာကြာလို့ အဲမြောင်းထဲတောင် သစ်ပင်ကြီးတွေ ပေါက်နေပြီ"လို့ ပြောပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်သိန်းက "အဲရွာတွေဘက်က မိုးကောင်းရေသောက်တွေများတယ်။ နောက်မိုးမလိုက်တော့ စိုက်ပျိုးလို့ အခက်တွေ့နေတာပေါ့။ ဘိုးဘွားစဉ်ဆက် အသုံးပြုခဲ့တဲ့ ကန်ငယ်ဆည်ငယ်လေးတွေ ရှိတယ်။ မိတ္ထီလာမြို့နယ်နဲ့ သပြေဝအုပ်စုက လမ်းတခုပဲ ခြားတယ်။ မိတ္ထီလာကန်က ရေပိုတွေ လွှဲတဲ့အချိန်က ရေရောက်ခဲ့ တော့ တောင်သူတွေအနေနဲ့ ရေအခက်အခဲဖြစ်တော့ အဲလိုရေပို့ရင် ရောက်နိုင်တယ် ဆိုကြတာပါ။ မိုးခေါင်လို့ ၁၅ကြိမ်မြောက် လွှတ်တော်မှာ မိတ္ထီလာကန်နဲ့ ချောင်းမကြီးဆည်က မင်းလှကန်ကို ရေလွှတ်ပေးစေချင်တာ မေးခဲ့ဖူးတယ်။ တာဝန်ရှိသူကလည်း အဲကန်နဲ့ ဆည်မှာလည်း ရေနည်း နေသေးတယ်လို့ ပြန်ဖြေပေးပါတယ်။ မင်းလှကန်နဲ့ မြို့ကြီးကုန်းကတော့ အတော်ဝေးပါတယ်။ မိုးခေါင်နေတော့ တောင်သူတွေ အခက်တွေ့တာ အမှန်ပါပဲ"လို့ ပြောပါတယ်။ မြို့ကြီးကုန်းရွာနေတောင်သူ ဦးခင်မောင်ဆွေက "ကျနော်မှာ လယ် ၁၀ ဧက လောက်ရှိ တယ်။ ၇ဧက လောက်တော့ ပျက်စီးသလောက်ဖြစ်သွားပြီ၊ တဧကကို ၁ သိန်းလောက် အရင်းထည့်ထားပြီ ဒီနှစ်တော့ မိုးခေါင်လွန်းတော့ အရင်းတောင်မရနိုင်တော့ဘူး"လို့ ပြောပါတယ်။ သာစည်မြို့နယ်မှာ ကျေးရွာအုပ်စု ၈၇ အုပ်စုရှိပြီး လူဦးရေ ၂သိန်းခန့်နဲ့ တမြို့နယ်လုံးမှာ လယ်ဧက ၅၀၀၀၀ လောက်ရှိပါတယ်။  မြို့ကြီးကုန်းရွာမှာတော့ လူဦးရေ ၆၀၀ ခန့်ရှိပြီး လယ်ဧက ၁၅၀၀လောက်ရှိပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024