စာရေးဆရာကြီး တင့်တယ်၏ ဂန္ထဝင်ဝတ္ထု- ကမ္မဖလကို ရုပ်ရှင်အဖြစ် ရိုက်ကူးပြီးစီး
DVB
·
October 11, 2019
ဝါရင့်စာရေးဆရာကြီး တင့်တယ်ရဲ့ ဂန္ထဝင်ဝတ္ထုတပုဒ်ဖြစ်တဲ့ ကမ္မဖလကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးပြီးစီးနေပြီဖြစ်ကာ မကြာခင်မှာ ရုံတင်ပြသနိုင်တော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ ပွဲခင်းရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ငြိမ်းမင်းက ဇာတ်ညွန်းခွဲထားပေးခဲ့ကာ ဒါရိုက်တာ ပန်းချီစိုးမိုးက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီဝတ္ထုဟာ လွန်ခဲ့တဲ့ အနှစ် ၆၀ လောက်ကတည်းက ထွက်ရှိခဲ့ပြီး အကြိမ်ရေ အတော်များများ ပြန်လည်ထုတ်ဝေရတဲ့ စာအုပ်တအုပ်လည်းဖြစ်ကာ ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးဖို့လည်း အားထုတ်ခဲ့ကြဖူးပါတယ်။
ဘဝအလှည့်အပြောင်းပေါင်းများစွာနဲ့ ရှင်သန်ကြီးပြင်းလာရတဲ့ မောင်ကံကောင်း၊ ဉပဒေကို လက်တစ်လုံးခြား လှည့်ပတ်တိမ်းရှောင်ရင်း လူ ၇ ယောက်ကို ပိပိရိရိနဲ့ သတ်ဖြတ်ခဲ့တဲ့ လူတယောက်စတဲ့ အကြောင်းအရာတွေနဲ့အတူ ပရိသတ်တွေ လက်ခံနှစ်ခြိုက်ခဲ့ကြတဲ့ ဝတ္ထုတပုဒ်လည်း ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ပြေတီဦး၊ မင်းမော်ကွန်း၊ မိုးဟေကို၊ အေးမြတ်သူ၊ စိုးပြည့်သဇင်၊ စိုးသီဟ၊ စိုးရန်အောင်တို့က အဓိကပါဝင်ထားကြတာပါ။
ဂန္ထဝင်ဝတ္ထုတပုဒ်ဖြစ်တဲ့အပြင် အားလုံးသိကြပြီးဖြစ်တဲ့ ဦးကံကောင်း၊ သစ်လုပ်ငန်း ပိုင်ရှင်သူဌေးကြီး ဦးနကီ၊ အလောင်းကစားဝါသနာကြီးလှတဲ့ ဆန်စက်ပိုင်ရှင် ဦးစိန်မောင်၊ သူဌေးကြီးဦးနကီရဲ့သား ဦးဒေါန၊ မြေးအမှီ၊ မြေးကိုငြိမ်းအောင်၊ သစ်လုပ်ငန်းပိုင်ရှင် ဦးနကီရဲ့ သမီးတော်လေး စောလှ၊ အိမ်နီးနားချင်းတွေဖြစ်တဲ့ အထည်သည် ကိုသန့်ဇင်၊ မဖြူနု၊ ကိုသန့်ဇင်နဲ့ မဖြူနုတို့ရဲ့ သမီးလေးအသန့်၊ ဇာတ်သမား စိန်ကြည်အောင်စတဲ့ ဇာတ်ကောင်တွေ၊ ခေတ်နဲ့ လိုက်ဖက်တဲ့ ဆက်တင်အပြင်အဆင်တွေကို ဘယ်လို ဖန်တီးပုံဖော်ထားမလဲ ဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။