၂၀၁၉ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု အီသီယိုးပီးယား ဝန်ကြီးချုပ် အာဘီအလီရရှိ
၂၀၁၉ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အီသီယိုးပီယားနိုင်ငံ ဝန်ကြီးချုပ် အာဘီအာမက် အလီက ရရှိသွားပါတယ်။
ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ ပေါက်မြောက် အောင်မြင်အောင်ဆောင် ရွက်နိုင်မှုနဲ့ အထူးသဖြင့် အိမ်နီးချင်း အီရီထရီးယားနိုင်ငံနဲ့ ဖြစ်ပွားခဲ့တဲ့ နယ်စပ်ပဋိပက္ခကို ပြတ်ပြတ်သားသား ဦးဆောင် ဖြေရှင်းနိုင်ခဲ့တဲ့ အတွက် ဆုပေးအပ်တာလို့ နော်ဝေး နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက ဒီကနေ့ကြေညာပါတယ်။
ဒီဆုဟာ အီသီယိုးပီးယားနိုင်ငံအပြင် အရှေ့အာဖရိကနဲ့ အရှေ့မြောက် အာဖရိက ဒေသကြီးတခုလုံးရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်နေသူတွေ အားလုံးအတွက် အသိအမှတ်ပြုတဲ့အနေနဲ့ ပေးတာလို့လည်း ဆိုပါတယ်။
အာဘီအာမက်ဟာ အီသီယိုးပီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ၂၀၁၈ ခုနှစ် ဧပြီလက ရွေးချယ်ခန့်အပ်ခံရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ- ECADF