မြန်မာ့ပြုပြင်ပြောင်းလဲရေးအားကောင်းလာပါက အမေရိကန်ရင်းနှီးမြှုပ်နှံမှု ပိုတိုးလာမည်
စိုးမိုးအောင်
·
October 11, 2019
မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးပိုပြီး အားကောင်းလာမယ်ဆိုရင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ ပိုတိုးပွားလာမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က ပြောပါတယ်။
အမေရိကန်သံရုံးအနေနဲ့ မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ်လက်တွဲလုပ်ဆောင်နေပြီး အမေရိကန် ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးအခွင့်အလမ်းတွေအပေါ် လာရောက်လေ့လာဖို့ တွန်းအားပေးတာရှိတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံကို အမေရိကန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုတွေလာတဲ့အခါ အခြေခံ အဆောက်အဦ လိုအပ်ချက်ရှိနေတာ၊ လျှပ်စစ်နဲ့စွမ်းအင်လိုအပ်ချက်ရှိတာအပြင် အစိုးရရဲ့ ခွင့်ပြုချက်ယူတဲ့အခါ ဗျူရိုကရေစီယန္တရားတွေရှိတဲ့အပေါ် အခက်အခဲတချို့ရှိနေတာပါ။
လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်နဲ့ မြန်မာတပ်မတော်ခေါင်းဆောင်တချို့နဲ့ တပ်မတော်နဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကုမ္ပဏီကို အမေရိကန်က အရေးယူပိတ်ဆို့ဖို့ ကြေညာထား ပါတယ်။
ဒါပေမယ့် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ကိုင်နေ သလို လက်ရှိအချိန်အထိ စီးပွားရေးပိတ်ဆို့ထားတာမရှိသေးဘူးလို့ ဗဟိုဘဏ်အငြိမ်းစားဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။
အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်လို့ကောင်းတဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံတာတွေ လာမှာဖြစ်သလို ခရီးသွားလုပ်ငန်း၊ စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက်အဦ ကဏ္ဍ၊ နည်းပညာကဏ္ဍ၊ ဆက်သွယ်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ လုပ်ကိုင်ဖို့ရှိတယ်လို့လည်း အမေရိကန်သံအမတ်က ပြောပါတယ်။
မြန်မာအစိုးရက မကြာသေးခင်ကမှ ခွင့်ပြုလိုက်တဲ့အပေါ် အာမခံလုပ်ငန်းနဲ့ လက်ကား ဖြန့်ချိရေးလုပ်ငန်းတွေမှာ အမေရိကန်ကုမ္ပဏီတွေ ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံမှာ ဒေါ်လာ သန်း ၅၃၁ ကျော် ရှင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲမှာ ၁၁ နိုင်ငံမြောက် ပမာဏ အများဆုံး ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။