A d v e r t i s e m e n t With Us

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စ အမေရိကန် သူဌေးကြီးနှင့် ၈၈ မျိုးဆက်အဖွဲ့ ဆွေးနွေး

မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံ ပွင့်လင်းလူ့အဖွဲ့အစည်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ သူဌေးကြီး ဂျော့ဆိုးရော့စ်ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တဖက်တလမ်းက ကူညီဆောင်ရွက်ပေးနိုင်ဖို့ အဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံနေပြီး ဒီနေ့ မနက်ပိုင်းမှာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူဌေးကြီးဟာ  မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပေါ် ရရှိထားတဲ့ အချက်အလက်တွေ မေးမြန်းခဲ့တဲ့ အပြင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာရှိအောင် ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းတွေမှာ ကောင်းမွန်တဲ့ အလားအလာကောင်း ရှာဖွေရေးတွေပါ ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးပြုံးချိုက ပြောပါတယ်။ “အဓိကက ရင်းနှီးမြှုပ်နှံမှုကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် Extractive Industries Transparency Initiative (EITI) လိုမျိုး အဖွဲ့အစည်းတွေနဲ့ ၀င်ရောက်လေ့လာပြီးတဲ့အခါ ပညာရှင်တွေကနေ ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲဆိုတဲ့ ကိစ္စတွေ၊ နောက် ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အရှိန်အဟုန်ကောင်းဖို့နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ရရှိအောင် နည်းလမ်းကောင်းတွေ ရှာဖွေဖို့ ဒါတွေကို အဓိကထား ပြောဖြစ်ပါတယ်။” ၈၈ မျိုးဆက်ကျောင်းသားဘက်ကလည်း  ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ အားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပြီး အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှုတွေနဲ့ အလားအလာကောင်းတွေ  ပေါ်နိုင်ဖို့ အခွင့်ကောင်းတွေ ဖန်တီးသင့်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေးနဲ့ နိုင်ငံသားတွေအတွက် အကျိုးရှိမယ်ဆိုရင် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်မယ့်အကြောင်း၊ အဓိကအနေနဲ့  ရင်းနှီးမြှုပ်နှံမှုမှာ ပွင့်လင်းမြင်သာမှုရှိရေးအတွက် ကူညီဆောင်ရွက်သွားမယ့်အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူဌေးကြီးဟာ အခုခရီးစဉ်ကရရှိတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး   ပြည်ပနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ထပ်မံဆွေးနွေးပြီး မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့ရေးတွေ  ဆောင်ရွက်သွားမယ့် အကြောင်း ပြောခဲ့တယ်လို့ ဦးပြုံးချိုက ဆိုပါတယ်။ ဒီနေ့ မနက် ၁၁ နာရီကနေ ၁၂ နာရီခွဲထိ ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ သူဌေးကြီး နဲ့ ၈၈ မျိုးဆက်အဖွဲ့က ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ဦးမင်းဇေယျ၊ ဦးဌေးကြွယ်နဲ့ ဦးပြုံးချိုတို့ သွားရောက် တွေ့ဆုံခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up