A d v e r t i s e m e n t With Us

ဆီးရီးယားကို တူရကီစစ်တပ် ထိုးစစ်ဆင်၊ ဒေသခံထောင်ချီ ဘေးလွတ်ရာပြေး

ဆီးရီးယားအရှေ့မြောက်ပိုင်းကို တူရကီစစ်တပ်က ထိုးစစ်ဆင်နေချိန် အောက်တိုဘာ ၉ ရက်မှာ ဆီးရီးယားနယ်စပ်မြို့က ထောင်ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြတဲ့ ရုပ်သံဖိုင်ကို ကာဒ့် တီဗွီချန်နယ်က ထုတ်လွှင့်ပြသခဲ့ပါတယ်။  တူရကီထိုးစစ် စကတည်းက ဆီးရီးယားမှာ လူပေါင်း အယောက် ၆၄၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီက ပြောပါတယ်။ ဆီးရီးယား အရှေ့မြောက်ပိုင်းကနေ အမေရိကန်တပ်တွေ ဆုတ်ခွာအပြီးမှာတော့ တူရကီ စစ်တပ်ဟာ ကာဒ့်လူမျိုးတွေဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဦး (SDF) အဖွဲ့ကို စတင်ထိုးစစ်ဆင်နေပါတယ်။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆီးရီးယားကနေ အမေရိကန်တပ်တွေ ပြန်ရုပ်ပြီး တူရကီရဲ့ ထိုးစစ်ဆင်မှုကို လမ်းဖွင့်ပေးလိုက်တာကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရပါတယ်။ ဆီးရီးယားကနေ အမေရိကန်တွေ တပ်ပြန်ရုပ်သွားပေမယ့် အိုင်အက်စစ်ဆင်ရေးမှာ အမေရိကန်နဲ့ လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ကာဒ့်တပ်ဖွဲ့တွေတော့ ကျန်နေခဲ့ပါတယ်။  ကာဒ့်တွေကို အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ တူရကီက သူတို့ကို ဆီးရီးယားကနေ တိုက်ထုတ်ဖို့ ထိုးစစ်ဆင်နေတာပါ။  လက်ရှိတိုက်ပွဲတွေအတွင်း SDF တပ်ဖွဲ့ဝင် ၂၃ ယောက်ထက်မနည်း ကျဆုံးခဲ့သလို တူရကီ ကျောထောက်နောက်ခံပြုတဲ့ ဆီးရီးယားသူပုန်အဖွဲ့ဝင် ၆ ယောက်လည်း သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။  တူရကီစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အမြောက်ပစ်ခတ်မှုတွေကြောင့် အရပ်သား ၉ ယောက်သေဆုံးခဲ့တယ်လို့ SDF အဖွဲ့က ပြောပါတယ်။  တူရကီသမ္မတ အာဒိုဂန်ကလည်း စစ်သွေးကြွ အယောက် ၁၀၀ ကျော်သေဆုံးခဲ့လို့ ပြောပါတယ်။  လက်ရှိမှာ တူရကီစစ်တပ်က ရာစ်အယ်လ်အင်မြို့နားက ကျေးရွာနှစ်ရွာနဲ့ တယ်လ်အာဘ်ယာဒ်နားက ကျေးရွာငါးရွာကို သိမ်းထားတယ်လို့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up