သီတင်းကျွတ် မြင့်မိုရ်မီးပွဲတော်
DVB
·
October 11, 2019
မုတ်သုန်ဆုတ်ခွာသွားပြီဆိုသော်လည်း လုံးလုံးကြီးမဟုတ်သေး။ အငွေ့အသက်တို့ ကျန်နေသေး၏။ ထိုရာသီကို “တူ”ရာသီဟု မြန်မာတို့ကသတ်မှတ်သည်။ “တူ”ရာသီရောက်ပြီဆိုသည်နှင့် မြောက်ပြန်လေသွေးပြီ။ နံနက်ခင်း ၏ မြောက်လေအေးအေးကိုခံ စားရသည်မှာ ချမ်းမြေ့ဖွယ်ရာပင်။
‘ရာသီအလိုက်ဖူးပွင့်ကြသော ကြာမျိုးငါးမည်လှိုင် လှိုင်ပွင့်ကို ပုစဉ်းကောင်တို့ ဝတ်ရည်သုံးရန်ပျံဝဲနေသည်မှာလည်း ရှုမြင်သူအပေါင်း နှလုံးကြည်မွေ့စရာ။ မြဝတီမင်းကြီးဦးစကမူ “ကြာဆံကိုစားပါလို့..လေပေါ်မှာလွှားပါလို့ …ဝဲကာပျံလေတည့်…ဝဲကာပျံ”ဟူ၍ ပုစဉ်းတောင် သံကြိုး သီချင်းတွင် ထည့်သွင်းစပ်ဆိုခဲ့သေးသည်။
ဤရာသီဤလိုကာလမျိုးတွင် မိုးလေကင်းရှင်းပြီဟု ယူဆသောကြောင့် မြန်မာတို့အတွက် ပွင့်လင်းရာသီဖြစ်ခဲ့သည်။ ပျော်ရွှင်ဖွယ်ပွဲတော်များဆင်ယင်ကျင်းပခဲ့ကြသည်။ အထူးသဖြင့် ရဟန်းတို့၏ ဝါတွင်းသုံးလကာလပတ်လုံး ညအိပ်ညနေအပြင်ထွက်ခွင့်မရှိဘဲ ဝါဆိုကြရာမှ ကျွတ်လွတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင်းလည်း ဤကာလကို ဝါကျွတ်ပြီဟု လည်းကောင်း သီတင်းကျွတ်ပြီဟုလည်းကောင်း ပြောကြသည်။ ပုဂံခေတ်ကျောက်စာတို့တွင်မူ “သီ တင်းချွတ်”ဟူ၍သုံးခဲ့သည်။
သီတင်းကျွတ်ပြီဆိုသည်နှင့် မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာအရ မီးထွန်းပွဲကို ကျင်းပခဲ့ကြသည်။ ထိုမီးထွန်းပွဲကို အမှီပြု၍ “မြင့်မိုရ်မီးပွဲတော်”ဟုလည်းခေါ်ကြပြန်သည်။
ယခုခေတ်တွင်တော့ ထိုအသုံးအလွန်နည်းသွားပြီ။ “ဖိုးသူတော်ဦးမင်း”၏ ကဗျာတပုဒ်တွင် “ရွှေနန်းတောင်တော်ဦးမှာ.၊ ကွန့်မြူမြင့်မိုရ်မီး၊ ညီးတဲ့ချိန်ခါ”ဟူ၍ ဖွဲ့ဆိုခဲ့သည်။ အဆိုပါမီးထွန်းပွဲတော် ကျင်းပကြသည်မှာလည်း ဘာသာရေး မှတဆင့်ဆင်းသက်လာခဲ့ခြင်းပင်ဖြစ်သည်။ သတင်းကျွတ်မီးထွန်းပွဲတော်သည် ဘာသာရေးပွဲတော်တခုပင်ဖြစ်သည်။ ကာလရှည်ကြာသုံးစွဲခြင်းဖြင့် ရိုးရာအစဉ်အလာ အဖြစ်ရောက်ရှိခဲ့ရခြင်းပင်။
ဝါတွင်းသုံးလပတ်လုံး ဘုရားရှင်ကိုယ်တော် နတ်ပြည်တွင်မယ်တော်မိနတ်သားအား အဘိဓမ္မာ ဟောကြားရာမှ လူ့ပြည်သို့ပြန်လည်ဆင်းသက်လာသည်ကို ဆီမီးထွန်းညှိပူဇော်ခြင်း အမှုပြုကြခြင်းဖြစ်သည်။
ထို့ကြောင်းလည်း သီတင်းကျွတ်လပြည့်နေ့ကို “အဘိဓမ္မာအခါတော်နေ့”ဟုလည်း ဘာသာရေးအရ ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်။ ရောင်စုံဆီမီးများဖြင့် ဘုရားရှင်အား ပူဇော်ကြိုဆိုခဲ့ကြပုံကို သတိတရထုဆစ်ပုံဖေါ်ခဲ့ခြင်းဖြစ်သည်။ အချို့ဒေသ များတွင် မီးပုံးပျံများလွှတ်၍ပင် ပူဇော်ခဲ့ကြသည်။
ဤသို့သောအခါသမယတွင် လေရူးနှင့်အတူ မုန်တိုင်းဒဏ်ကင်းဝေးပြီဖြစ်သဖြင့် မြစ်ချောင်းအင်းအိုင်တို့ တည်ငြိမ်စပြုပြီ။ သဲသောင်တို့မပေါ်သေး မြစ်ရေချောင်းရေတို့ ကမ်းလုံးပြည့်လျံနေရာမှ ကျဆင်းသွားပြီ။
ယင်းသို့သောအခြေအနေတွင် မြစ်ချောင်းတို့၏ စီးဆင်းနေပုံမှာ ငြင်သာစွာ တငြိမ့်ငြိမ့်ချင်းစီးဆင်နေသည်။ အန္တရာယ်ရှိသော ဝဲဂယက်တို့ ငြိမ်သက်နေသည်။ သစ်ဖောင်ဝါးဖောင်တို့မျှောရန် အကောင်းဆုံးအချိန်ပင်။ ဤကာလမျိုးတွင် အချို့သောဒေသများ၌ ရှင်ဥပဂုတ္တမထေရ်မြတ်အား ရေမျှောပွဲများကျင်းပကြသည်။ ခုနစ်ရက်ခွန်နှလီ ရှင်ဥပဂုတ္တ ရေမျှောပွဲကို ခြိမ့်ခြိမ့်သဲသဲ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။
မြန်မာပြည်အနှံ့ လူကြီးမိဘ၊ ဆရာသမားတို့အား ပူဇော်ကန်တော့သည့် မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာတခုဖြစ်ခဲ့သည်။ ဖိုးသူတော်ဦးမင်းက ဤအချက်ကို သူ၏ကဗျာ ဖြင့်… “ရှိဦးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း ..သက္ကစ္စာ ဂါရဝနှင့်၊ အစဉ်အလာပူဇော်ပွဲကို နွှဲကြပေတောင်း” ဟူ၍မှတ်တမ်းပြုခဲ့သည်။
ဘာသာရေးအခြေပြပွဲတော်ခုဖြစ်ခဲ့သော်လည်း ကာလရှည်ကြာ ကျင်းပလာခဲ့သည့် မြန်မာတို့၏ ဓလေ့ထုံးယဉ်ကျေးမှု ပွဲတော်တခုဖြစ်ခဲ့သည့်အတွက် တိုင်းပြည်တွင်းမှာ နေထိုင်ကြသည့် လူမျိုးမရွေး ဘာသာမရွေး ချစ်ကြည်ခင်မင်စွာ အတူယှဉ်တွဲ ဆင်နွှဲကြသော ပွဲလည်းဖြစ်သည်။
လူထုအချင်းချင်းအကြား အမုန်းမရှိ အငြိုးစကားမဆို အပြုံးကိုယ်စီဖြင့် အတူတကွ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသော ရာသီပွဲသဘင်တခုဖြစ်သည်။ သို့ရာတွင် ပွင့်လင်းရာသီ ရောက်ပြီဖြစ်သဖြင့် ရန်ငြိုးသိုသူတို့ အချင်းချင်းတိုက်ခိုက်မှု၏ စက်ကွင်းမှ ပြည်သူအပေါင်း ကင်းဝေးပါစေကြောင်းအား ဤသီတင်းကျွတ် အဘိဓမ္မာအခါတော်နေ့တွင် ဆုတောင်းပေးလိုက်ရ ပါသည်။