A d v e r t i s e m e n t With Us

သိန္နီတွင် ပစ်ခတ်မှုထပ်မံဖြစ်ပွား၊ ကိုယ်ဝန်ဆောင် ၁ ဦးနှင့် ခင်ပွန်းတို့ ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့ထဲမှာ အောက်တိုဘာ ၁၁ ရက် ဒီနေ့မနက် ပစ်ခတ်မှုထပ်ဖြစ်ပြီး နေအိမ် တလုံး လက်နက်ကြီးကျည်ထိမှန်ကာ အိမ်ထဲက ကိုယ်ဝန်ဆောင်အမျိုးသမီး  တဦးနဲ့ ခင်ပွန်းဖြစ်သူတို့ ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီမနက်စောစော ၅ နာရီခွဲလောက်က ပစ်ခတ်သံကြားရပြီး သိန္နှီမြို့ ပိန်းအွယ် ရပ်ကွက် ၃ ကျူးကျော်ရပ်ကွက်ထဲရှိ နေအိမ် ၁ လုံးကို ထိမှန်ကာ လီဆူတိုင်းရင်းသား ဇနီးမောင်နှံ  ဒဏ်ရာရ သွားတယ်လို့ သိန္နီမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်းက ဒီဗွီဘီကို ပြောပါတယ်။ “မနက်က ပစ်ခတ်သံကြားတာကတော့ လက်နက်ငယ်သံက ဆက်တိုက်နဲ့ လက်နက်ကြီးသံက တချက်ပါ။ မကြာပါဘူး၊ မိနစ်ပိုင်းလေးပါပဲ။  ဒါပေမယ့် နေအိမ် တလုံးထိမှန်ပြီး အိမ်ထဲက လီဆူလင်မယား နှစ်ယောက်ကိုပါ သွားထိတယ်။ မိန်းမက အသက် ၂၀ ရွယ် ကိုယ်ဝန်နဲ့၊ ယောက်ျားကတော့ အသက် ၃၀ ကျော်၊ သူတို့ ခြေထောက်နဲ့ လက်တွေထိမှန်တယ်လို့ပြောတယ်။ ဆေးရုံကို ကျနော်နဲ့ လွှတ်တော်အမတ် နန်းခင်ထားရီတို့ သွားကြည့်တော့ ဆရာဝန်က ကျည်ဆန်စတွေက ခွဲထုတ်မှရမှာမို့ သိန္နီဆေးရုံမှာ ကိရိယာမစုံလို့ လားရှိုးဆေးရုံကို လွှဲပေးလိုက်ပြီတဲ့။ အဲဒါကြောင့် လူနာနဲ့တော့ မတွေ့ခဲ့ဘူး” လို့ ပြောပါတယ်။ အဆိုပါ လက်နက်ကို ဘယ်ဘက်ကပစ်သလဲဆိုတာတော့ မသိရသေးကြောင်း၊ သက်ဆိုင်ရာက စိစစ်နေဆဲဖြစ်ပြီး သိန္နီမြို့လုံခြုံရေးကိုလည်း တိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။ စာသင်ကျောင်းမှာလည်း ကလေးတွေ စာမေးပွဲဖြေတာ နောက် ဘာသာရပ်တခု ကျန်ရှိနေပြီး မဖြေရတော့ဘဲ သီတင်းကျွတ်ကျောင်းပိတ်ရက်နဲ့ ဆက်သွားကြောင်း၊ ဈေးထဲမှာလည်း ဆိုင်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေတယ်လို့ လွှတ်တော်အမတ်က ပြောပါတယ်။ သိန္နီမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က မြို့ထဲဝင်လာတဲ့ တပ်မတော်ယာဉ်တန်းကို တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့က ဝင်တိုက်ခဲ့ပြီး တပ်မတော်သား ၂ ဦးကျဆုံး ၃ ဦးဒဏ်ရာရကာ လက်နက်ကြီးတွေ နေအိမ်ပေါ်ကျတာကြောင့် ပြည်သူ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနေ့က ပစ်ခတ်တိုက်ခိုက်မှုတွေအပြီးမှာ   မြို့ပေါ်ရှိ ဈေးဆိုင်ခန်းတချို့ ဖောက်ထွင်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်းက “ဈေးထဲကဆိုင်ခန်းတွေ အဖောက်ခံရတာတော့ လာရောက် တိုင်ကြားသူမရှိသေးဘူး။ သစ်ပင်အောက်က သစ်သီးဆိုင် တဆိုင်ကတော့ မိုးကာနဲ့ ဖုံးအုပ်ထားတဲ့ အသီးတွေ ဖွင့်ယူသွားတာ။ တန်ဖိုးကြီးကြီးမားမားမရှိလို့ ဆိုင်ရှင်က အမှုမဖွင့်ဘူး” လို့ ပြောပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up