ညောင်ဦးတွင် ရေနံမှော်များတူးဖော်မှု မရပ်တန့်ပါက အရေးယူမည်ဟု ဒေသန္တရအမိန့်ထုတ်ပြန်
DVB
·
October 11, 2019
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ထဲက ရေနံမှော်တွေမှာ ရေနံတူးဖော်နေတာတွေ ရပ်တန့်ဖို့နဲ့ ဆက်လက်တူးဖော်ရင် အရေးယူမယ်လို့ သက်ဆိုင်ရာက ဒေသန္တရ အမိန့် ထုတ်ပြန် လိုက်ပါတယ်။
ရေနံတူးသူတွေအနေနဲ့ ရေနံမှော်တူးဖော်နေတဲ့ ပစ္စည်းတွေကို ဖြုတ်သိမ်းပေးကြဖို့ မန္တလေးတိုင်းအစိုးရအဖွဲ့လမ်းညွှန်ချက်နဲ့ ညောင်းဦးခရိုင် စီမံခန့်ခွဲမှုကော်မတီက အောက်တိုဘာ ၁၀ ရက်နေ့မှာ ဒေသခံတွေကို အသိပညာပေးထားတာပါ။
မနေ့ညနေပိုင်းကစပြီး ရေနံ ဆက်လက်မတူးဖော်ကြဖို့နဲ့ ဆက်လက်တူးဖော်နေပါက အောက်တိုဘာ ၁၁ ရက်စပြီး အရေးယူသွားမှာဖြစ်သလို ရေနံမှော်သွားရာလမ်းတွေမှာ အဖွဲ့စုံပါတဲ့ စစ်ဆေးရေးဂိတ်ထားပြီး ရေနံ သယ်ယာဉ်တွေကို ဖမ်းဆီးအရေးယူးမယ်လို့ ညောင်ဦးခရိုင်စီမံကိန်း ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးစိန်မောင် ပြောပါတယ်။
“အဓိက ဒီလို တရားမဝင်တူးဖော်တော့ နိုင်ငံတော် အခွန်လည်းနစ်နာသလို၊ မလိုအပ်တဲ့ ပြဿနာ သူတို့အချင်းချင်း သူတူးမယ်၊ ငါတူးမယ်။ မင်းက ညောင်ဦးကလား၊ မင်လှသားလား။ အဲလိုခိုက်ရန်ဖြစ်ရင်၊ ဟိုတခါ မြေနုကျွန်းလုသလို လူ ၃၀ကျော် သေသွားရတဲ့ အဖြစ်မျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ပြီးလုပ်တာပါ။ ကုမ္ပဏီတွေကိုလည်း ကျနော်တို့က အခုရပ်ဆိုင်းခိုင်းထားတယ်။ သက်တမ်းတိုးခွင့်မပေးဘူး။ အားလုံးကို တူးဖော်ခွင့်မပေးထားဘူး။ ဂိတ်မှာစစ်လို့ တွေ့တာနဲ့ ဘယ်သူပဲဖြစ်ဖြစ် ရေနံသယ်လာတာနဲ့ ယာဉ်ကို သိမ်းပြီးတော့ ဥပဒေအရ အရေးယူမှာပါ"
ညောင်ဦးမြို့နယ်ထဲက တက်မကျေးရွာနဲ့ တောင်ဖီလေးကျေးရွာတို့က အလယ်ရွာကွင်း ကွင်းအမှတ် ၁၈၀၈ ၊ ကျောက်တန်းကွင်း ကွင်းအမှတ် ၁၈၀၅၊ ညောင်ပင်သာကွင်း ကွင်းအမှတ် ၁၇၇၉ တို့မှာ ကုမ္ပဏီ နှစ်ခုရဲ့ ရေနံလက်ယက်တွင်းတွေကို ဒေသခံ ကျေးရွာသားတွေနဲ့ တခြားမြို့က လုပ်ငန်းရှင်တွေက ရေနံလက်ယက်တွင်း ၁၅၀ကျော် တူးဖော်လုပ်ကိုင်နေတာပါ။
ရေနံမှော်လုပ်ကွက်နေရာတွေမှာ တရားဝင်လုပ်ကိုင်ခွင့်ရဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရထံ လျောက်ထားသူ ၅၀ ဦးရှိပြီး လျောက်ထားတွေကို အမြန်ဆုံးချထားပေးနို်င်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဒုညွှန်ကြားရေးမှူး ဦးစိန်မောင်က ပြောပါတယ်။
ညောင်ဦးမြို့နယ်နေ ရေနံလက်ယက်တွင်း လုပ်ကိုင်ခွင့် လျောက်ထားသူ ဦးမြင့်ကျော်က " ကုမ္ပဏီကျတော့ လုပ်ကွက်ချထားပေးပြီးတော့ လုပ်ကွက်ကျသွားတာနဲ့ ပြည်သူတွေကို မောင်းထုတ်တဲ့ စနစ်မျိုးကို ကျနော်တို့ မလိုလားဘူး။ ဆိုလိုချင်တာက ဥပဒေကို တိတိကျကျ ဆောင်ရွက်ပါ။ အဲဒါကို ကျနော်တို့ အစိုးရိမ်ဆုံး ဖြစ်ပါတယ်။ နိုင်ငံတော်ပိုင်းမြေ သယံဇာတ ဖြစ်တဲ့အတွက် နိုင်ငံတော်ကို အခွန်ဆောင်ချင်တယ်။ ဒေသခံပြည်သူက ရေနံမှော် ရပ်နားထားတာမျိုး မဟုတ်ဘဲ ရေနံတစ် ပီပါကို မျောဖြစ်စေ အခွန်နှုန်းထား သတ်မှတ် ပေးစေချင်တယ်” လို့ပြောပါတယ်။
ရေနံမှော်တွေကို ရပ်တန့်လိုက်ပါက ရင်နှီးမြှပ်ထားရတာတွေ ဆုံးရှုံးမှာဖြစ်သလို စားဝတ်နေရေး အခက်အခဲရှိကြောင်းနဲ့ ရေနံတွင်းတွေဟာ ရပ်တန့်ထားရတဲ့ လုပ်ငန်းမျိုး မဟုတ်လို့ ရပ်မထားစေလိုကြောင်း ဒေသခံတွေက ပြောပါတယ်။
သတင်း- ကိုလင်း(ချောက်)