ရသေ့တောင်တွင် တပ်မတော်ရေတပ်သင်္ဘော ၁ စီးကို အေအေ ပစ်ခတ်တိုက်ခိုက်
DVB
·
October 10, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာအနီး မေယုမြစ်အတွင်းသွား နေတဲ့ တပ်မတော်ရေတပ် စစ်သင်္ဘောတစီးကို ရက္ခိုင့်တပ်တော် အေအေက ပစ်ခတ်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။
“ပစ်တာတော့မှန်တယ်။ ဘာမှမဖြစ်ဘူး။ ဒီ ၁၀ နာရီဝန်းကျင်လောက်ကဖြစ်တာ။ ရေလမ်းကြောင်းထဲကိုသွားနေတာသွားနေရင်းနဲ့ အဲ့လိုဖြစ်တယ်”
အဆိုပါ ပစ်ခတ်မှုမှာ တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့လည်း ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက်ပိုင်း ၁၀ နာရီလောက်က ထီးစွဲကျေးရွာအနား သောင်းဒရားကျေးရွာမနီးမဝေး မြစ်ကြောင်းမှာ တပ်မတော် စစ်သင်္ဘောတစီးနဲ့ စစ်သားတွေ တင်ဆောင်လာတာကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့တာလို့ ထီးစွဲကျေးရွာသားတဦးက ပြောပါတယ်။
“သောင်းဒရားကျေးရွာအနားကမြစ်မှာ Navy တစီးနဲ့ စစ်သားတွေတင်လာတယ်။ သောင်းဒရားချောင်၊ ရေမျက်အနီးမှာ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ အဲ့လိုပစ်ခတ်နေတဲ့အချိန်မှာ သေနတ်သံတွေက ဖောင်းဖောင်းဆိုပြီး ထွက်လာတယ်။ ကျနော်ကတော့ ထိခိုက်ကျဆုံးမှုကိုမသိဘူး။”
ပြီးခဲ့တဲ့ဇွန် ၂၂ ရက်နေ့ကလည်း စစ်တွေမြို့အရှေ့ဘက် ဆတ်ရိုးကျချောင်းဝအနီးမှာ ရပ်နားထားတဲ့ တပ်မတော်ရေယာဉ်တစီးကို အေအေက ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် တပ်မတော်သားတချို့ သေဆုံးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီသောင်းဒရာကျေးရွာအနီးမှာ ရွာသစ်ကျေးရွာ၊ ခနောင်းကြီး၊ ထီးစွဲကျေးရွာတွေ ဒေသခံတွေကတော့ ညောင်းပင်လှကျေးရွာကို ထွက်ပြေးထွက်လာကြတယ်လို့ ညောင်ပင်လှကျေးရွာ ဦးမောင်စိန်လှက ပြောဆိုပါတယ်။
အခုလိုပစ်ခတ်မှုနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်အေအေက ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဖုန်းဆက်သွယ်ခဲ့မယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
ဝဏ္ဏခွာညို