A d v e r t i s e m e n t With Us

ဘီပီအိုင်ဆေးဝါးစက်ရုံမှူး၏ အမှုရုပ်သိမ်းလွှာ တိုင်းတရားရုံး လက်ခံ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရတဲ့ အင်းစိန်ဘီပီအိုင် ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်ရဲ့ အမှုရုပ်သိမ်းလွှာကို တိုင်းတရားရုံးက လက်ခံလိုက်ပါတယ်။ အင်းစိန် ဘီပီအိုင် ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်ရဲ့ အမှုရုပ်သိမ်းလွှာကို သူ့ရဲ့ရှေ့နေက အောက်တိုဘာ ၁၀ ရက်နေ့ရုံးချိန်းမှာ ရန်ကုန်တိုင်းဒေသကြီးတရားရုံးထံ တင်သွင်းခဲ့တာပါ။ တင်သွင်းတဲ့ ရုပ်သိမ်းလွှာကို တိုင်းတရားရုံးက လက်ခံလိုက်ပြီး အခုလ ၃၀ ရက်နေ့ရုံးချိန်းမှာ အမှုရုပ်သိမ်းလွှာနဲ့ပတ်သက်လို့  နှစ်ဘက်လျှောက်လဲချက်ပေးမှာဖြစ်ပါတယ်။ လျှောက်လဲချက်ပေးပြီးလို့ နောက်အပတ်ရုံးချိန်းမှာ အမှုပိတ်မယ်မပိတ်ဘူးဆိုတာကို အမိန့်ချမှတ်သွားမှာလည်းဖြစ်ပါတယ်။ ဘီပီအိုင် ဆေးဝါးစက်ရုံက သတ်မှတ်ချက်နဲ့မညီတဲ့ ကော်စေ့ ၂၆ တန် သွေးကြောသွင်းဆေးရည်ဘူး တစ်သိန်းကျော် ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်ခဲ့တဲ့ ဆေးရည်ဘူးတွေဟာ လတ်တလောမှာ အန္တရာယ်မရှိပေမယ့် အပူချိန်မြင့်မားတဲ့နေရာမှာထားရှိရင် ရေရှည်သုံးစွဲရန်မသင့်တဲ့အတွက် နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေ နစ်နာဆုံးရှုံးခဲ့တယ်ဟု ဆိုကာ အဂတိ တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့တရားစွဲတင်ခဲ့တာပါ။ အခုရုံးချိန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဘက်က တရားလိုပြသက်သေတဦးကိုစစ်ဆေးခဲ့ပြီး ဒေါက်တာအောင်ဇော်ကို အာမခံလျှောက်ထားတဲ့အခါမှာ တရားသူကြီးက ပယ်ချခဲ့တယ်လို့ ဥပဒေအကြံပေး  ဦးခင်မောင်မြင့်က ပြောပါတယ်။ ဒေါက်တာအောင်ဇော်ကို အရေးယူတာဟာ  ဥပဒေနဲ့အညီ ခိုင်လုံတဲ့အ ထောက်အထား ပေါ်ပေါက်ခဲ့တဲ့အပြင် အများပြည်သူ ရေရှည်မှာ ထိခိုက်နစ်နာမှု ဖြစ်ပေါ်လာနိုင်တဲ့အတွက် အချိန်မီ တားဆီးကာကွယ်ရတာလို့ အဂတိတိုက်ဖျက်ရေးကော်မရှင်ရဲ့ စက်တင်ဘာ ၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  ချမ်းမြေ့မောင်

A d v e r t i s e m e n t With Us

More News
Up