မြန်မာ့စီးပွားရေး ၆.၆ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
DVB
·
October 10, 2019
မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၁၉ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှု ၆.၆ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၁၈ ခုနှစ်မှာ စီးပွားရေးတိုးတက်မှု ၆.၅ ရာခိုင်နှုန်းရှိခဲ့ရာမှာ ၂၀၁၉ ခုနှစ်အတွင်း ၆.၆. ရာခိုင်နှုန်း တိုးတက်ဖို့ ခန့်မှန်းထားတယ်လို့ ကမ္ဘာ့ဘဏ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးဖွံဖြိုးတိုးတက်ဖို့ ရင်းနှီးမြုပ်နှံမှုကဏ္ဍနဲ့အတူ အခြေခံအဆောက်အအုံတွေပါ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့ လိုတယ်လို့ ကမ္ဘာ့ဘဏ် အာရှပစိဖိတ်ဒေသ စီးပွားရေးတိုးတက်မှုနှုန်း အစီရင်ခံစာ ထုတ်ပြန်ရှင်းလင်းပွဲ ပြောဆိုခဲ့တာပါ။
အရှေ့အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာကမ္ဘာ့ဘဏ် ဘောဂဗေဒပညာရှင် အန်ဒရူးမေဆန် က “တရုတ်နဲ့အမေရိကန် ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲတွေကြောင့် မရေရာတဲ့အခြေအနေတွေ ကြားမှာ မြန်မာ့ စီးပွားရေးအခြေနေကလည်း အကြံပြုချက်တွေ၊ မူဝါဒတွေကို အလေးထား ပေးဖို့လိုတယ်လို့ ကမ္ဘာ့ဘဏ်မြန်မာ နိုင်ငံဆိုင်ရာ စီးပွားရေးခေါင်းဆောင်က ပြောပါတယ်။ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုရှိနေတဲ့အတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို တပြိုင်နက်ထဲ လုပ်ဆောင်ဖို့ လိုတယ်”လို့ ပြောပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး တာဝန်ခံ ဟန်အနန်ဘက်(ခ်) က “အရှေ့အာရှ ပစိဖိတ်ဒေသတွေမှာ ကုန်သွယ်ရေးတင်းမာမှုတွေနဲ့ မရေရာတဲ့အခြေအနေတွေကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ နှေးကွေးလာပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေလည်း ကျဆင်းလာတယ်”လို့ပြောပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အာရှပစိဖိတ်ဒေသ စီးပွားရေးတိုးတက်မှုနှုန်း အစီရင်ခံစာ ထုတ်ပြန်ရှင်းလင်းပွဲမှာ ခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။
နေလင်းအောင်