စင်ကာပူမှ ပြည်နှင်ဒဏ်ပေးခံရသူများအမှု ရုံးထုတ်၊ တရားလို ဒုရဲမှူးကို စစ်ဆေး
DVB
·
October 10, 2019

အေအေအဖွဲ့ကို ငွေကြေးထောက်ပံ့လို့ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးကို ဒီနေ့ ၉ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလို ဒုရဲမှူး တင့်ရွှေကို စစ်ဆေးခဲ့ပါတယ်။
စင်ကာပူကနေ ပြည်နှင်ဒဏ်ပေးခံရပြီး အေအေအဖွဲ့ကို ငွေကြေးထောက်ပံ့မှု စွပ်စွဲချက်နဲ့ ရန်ကုန်လေဆိပ်မှာ ထိန်းသိမ်းခံလိုက်ရတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးကို ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
အဲဒီရုံးချိန်းမှာ တရားလိုရဲမှူးဘက်နေ စင်ကာပူ ပြည်ထဲရေးဌာနရဲ့ ကြေညာချက်အား ကိုးကားရေးသားထားတဲ့ သတင်းကို သက်သေခံတင်သွင်းခဲ့ပေမယ့် တရားခံဘက်ကရှေ့နေတွေက သက်သေခံဥပဒေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်ခဲ့ကြပါတယ်။
အဲဒီသက်သေခံတင်သွင်းမှုကို လက်ခံ သင့်မသင့် ဆုံးဖြတ်ဖို့ အောက်တိုဘာ ၁၈ ရက်နေ့ကို ပြန်ချိန်းလိုက်ပြီး အဲဒီနေ့မှာပဲ တရားလိုရဲမှူးကို ထပ်မံစစ်ဆေးမှာပါ။
ကိုအောင်မြတ်ကျော်ပါ ၈ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ၅၂ (က) တို့နဲ့ မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့ ရဲမှူး ဦးတင့်ရွှေက တရားလိုလုပ်ပြီး တရားစွဲတင်ပို့ခဲ့တာကို အနောက်ပိုင်းခရိုင်တရားရုံးက လက်ခံစစ်ဆေးနေတာပါ။