အကြောင်းမဲ့ခွင့်ယူသည့်ကိစ္စ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သတိပေး
DVB
·
October 10, 2019
မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးဟာ ပြည်ထောင်စုလွှတ်တော်တွေလို ပုံမှန်ကျင်းပ နေတာ မဟုတ်လို့ အကြောင်းမဲ့ ခွင့်ယူတာတွေကို သတိပြုကြဖို့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်က သတိပေးလိုက်ပါတယ်။
ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်ရဲ့ ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအနှစ်ချုပ် အစီအစဉ်မှာ ပြောဆိုခဲ့တာပါ။
ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူကိုယ်စားလှယ်တွေ ဖြစ်တာကြောင့် အကြောင်းမဲ့ ခွင်ယူတာတွေကို ကိုယ်တိုင်ဆင်ခြင်သုံးသပ်ကြဖို့ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက သတိပေးခဲ့တာပါ။
မွန်ပြည်နယ် လွှတ်တော်ရဲ့ ၁၄ ကြိမ်မြောက် ပုံမှန် အစည်းအဝေးကိုတော့ ၉ ရက်တိတိ ကျင်းပခဲ့တာ ဖြစ်ပြီး ဒီအစည်းအဝေးမှာတော့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးတို့ နှစ်ဦးဟာ ၇ ရက်အထိ ခွင့်ယူခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့အနေနဲ့ ၂၀၁၇ ခုနှစ်က မွန်ပြည်နယ် ဝန်ကြီးချုပ် ပြောဆိုထားတဲ့ မိန့်ခွန်းအတိုင်း ပူပေါင်းဆောင်ရွက်ပြီး ညှိနှိုင်း လုပ်ဆောင်သွားဖို့ ဥက္ကဋ္ဌက တိုက်တွန်းခဲ့တာပါ။
လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်သဘောမတူဘဲ ခွင်မဲ့ပျက်ကွက်တာ ၁၅ ရက်အထိ ဖြစ်လာရင်တော့ ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခွင့်ရှိပါတယ်။