ကာ့ဒ်ပြည့်သူ့စစ်ကို တူရကီတပ်နှင့်ဆီးရီးယားသူပုန်များ မြေပြင်စစ်ဆင်ရေး စတင်

တူရကီတပ်ဖွဲ့တွေနဲ့ မဟာမိတ် ဆီးရီးယားသူပုန်တွေဟာ အောက်တိုဘာ ၉ ရက်မှာ ဆီးရီးယား အရှေ့မြောက်ပိုင်းဒေသထဲ ဝင်ရောက်လာပြီး ကာဒ့်ပြည်သူ့စစ်တွေကို တိုက်ခိုက်မယ့် မြေပြင်စစ်ဆင်ရေး စတင်ပါပြီ။  ဆီးရီးယား အရှေ့မြောက်ပိုင်းကနေ အမေရိကန်တပ်ဖွဲ့တွေ တပ်ဆုပ်ပြီး ရက်ပိုင်းအကြာမှာပဲ အောက်တိုဘာ ၉ ရက်နေ့ အစောပိုင်းမှာ တူရကီစစ်လေယာဉ်တွေနဲ့ အမြောက်တပ်တွေဟာ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးအတွင်း ကာဒ့်လူမျိုးတွေ ဦးဆောင်တဲ့ YPG ပြည်သူ့စစ်အဖွဲ့ကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။  အောက်တိုဘာ ၉ ရက်က "Operation Peace Spring” လို့ အမည်ပေးထားတဲ့ ဆီးရီးယားစစ်ဆင်ရေးကို တူရကီသမ္မတ အာဒိုဂန်နဲ့ အစိုးရအရာရှိတွေက စစ်ဆင်ရေး စင်တာကနေ တိုက်ရိုက်စောင့်ကြည့်နေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်မှာ အမေရိကန်တပ်တွေဟာ  ဆီးရီးယားနိုင်ငံ မြောက်ပိုင်းကနေ တပ်ဆုတ်ပြီး ဆီးရီးယားနိုင်ငံတွင်း တူရကီရဲ့ ထိုးစစ်ဆင်မှုကို  လမ်းဖွင့်ပေးလိုက်ပါတယ်။  အမေရိကန်တပ်တွေ ဆုတ်ခွာသွားပေမယ့် အိုင်အက်စ် နှိမ်နင်းရေးမှာ အမေရိကန်နဲ့ ကာလရှည် လက်တွဲခဲ့တဲ့ ကာဒ့်လူမျိုးစု တပ်ဖွဲ့တွေကတော့ ဆီးရီးယားမှာပဲ ကျန်ခဲ့ပါတယ်။  တူရကီကတော့ ကာဒ့်တွေကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားပြီး ဆီးရီးယားကနေ တိုက်ထုတ်ဖို့ ရည်ရွယ်ထားပါတယ်။  ဒါ့ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ရဲ့ မဟာမိတ် ကာဒ့်တပ်ဖွဲ့တွေကို သစ္စာဖောက်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရပါတယ်။ ဒီစစ်ဆင်ရေးက တူရကီတောင်ဘက် နယ်စပ်မှာ အကြမ်းဖက်သမားတွေရဲ့ လမ်းကြောင်းကို ရှင်းလင်းဖယ်ရှားဖို့ ရည်ရွယ်ပြီး ဆီးရီးယား တည်ငြိမ်အေးချမ်းဖို့ အထောက်အကူပြုလိမ့်မယ်လို့ သမ္မတ အာဒိုဂန်က ပြောပါတယ်။  ဒါပေမယ့် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကတော့ တူရကီရဲ့ ထိုးစစ်ဆင်မှုက ၈ နှစ်ကြာ ဆီးရီးယားစစ်ပွဲရဲ့ စာမျက်နှာသစ်တခု ဖြစ်လာမှာနဲ့ ဒေသတွင်း ခလောက်ဆန်ရှုပ်ထွေးမှုတွေ ပိုဆိုးလာမှာကို စိုးရိမ်နေကြပါတယ်။

//
More News
Up