မြောင်းမြတွင် စက်လှေမီးလောင်၊ တန်ဖိုးကျပ် ၃၅ သိန်းဖိုး ပျက်စီးဆုံးရှုံး
DVB
·
October 10, 2019
ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ခရီးသည်တင် စက်လှေတစီးမီးလောင်ပြီး လူ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရကာ ကျပ် ၃၅ သိန်းဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြောင်းမြ မီးသတ်ဦးစီးဌာနက သိရပါတယ်။
မြောင်းမြမြို့မှာ ဒီမနက် ၇ နာရီ ၄၅ မိနစ်လောက်က လယ်ယာသုံး ဆိပ်ကမ်း (သဲပုံဆိပ်) မှာ ကပ်ပြီး ကုန်တင်ကုန်ချလုပ်နေတဲ့ စက်လှေဟာ လှေဝမ်းဗိုက်ထဲက ဟွန်ဒါရေစုပ်စက်အား ပြုပြင်ပြီး စမ်းသပ်ရာနေ မီးစတင်လောင်ခဲ့တာလို့ မြောင်းမြမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မီးလောင်သွားတဲ့ စက်လှေဟာ မြောင်းမြမြို့နဲ့ လူတော်ကျေးရွာကို ပြေးဆွဲနေတဲ့ အောင်ချမ်းသာ (၁)လိုင်းက ဖြစ်ပါတယ်။
မီးလောင်မှုကြောင့် ရေယာဉ်မှာပါလာတဲ့ အမျိုးသား ၁ ဦး မီးလောင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေကတော့ လူတော်ကျေးရွာနေ ဒေါ်ဝင်းဝင်း၊ ဒေါ်တူးတူမာနဲ့ ကျွန်းကလေးကျေးရွာနေ မောင်ရှိုင်းကိုတို့ ဖြစ်ပါတယ်။
ဒဏ်ရာရသူ ၃ ဦးကတော့ လတ်တလော မြောင်းမြ ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသမှုခံယူနေရပါတယ်။
သတင်း- ကျော်စိုးမိုး ၊မျိုးဇော်