အဆိုတော် ဖြိုးပြည့်စုံ သတင်းစာရှင်းလင်းပွဲ ရွှေ့ဆိုင်း
DVB
·
October 10, 2019
မူးယစ်မှုနဲ့ အဖမ်းခံရပြီး ပြန်လွတ်မြောက်လာတဲ့ ကိစ္စနဲ့ပတ်သက်လို့ မီဒီယာတွေကို ရှင်းလင်းပြောကြားမယ့် သတင်းစာ ရှင်းလင်းပွဲကို ရွှေ့ဆိုင်းလိုက်တယ်လို့ အဆိုတော် ဖြိုးပြည့်စုံက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ကာယကံရှင်သုံးဦးဆုံဖို့ အချိန်တခုရွှေ့လိုက်ရတာကြောင့် သတင်းစာရှင်းလင်းပွဲကို ခေတ္တစောင့်ဆိုင်းပေးဖို့ မေတ္တာရပ်ခံကြောင်း ဖြိုးပြည့်စုံက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသား ဖော်ပြပါတယ်။
“အားလုံးနဲ့ ဆုံတွေ့ပွဲလေးလုပ်ဖို့ ရည်ရွယ်တယ်ဆိုတာ ကျနော်တို့ အတွက် စိတ်ပူဆုတောင်းကူပေးကြတဲ့ သူတွေကို ကျေးဇူးတင်ချင်တာ အဓိကပါ။ ဖြစ်တတ်တဲ့သဘောနဲ့ ကျနော်တို့တွက် သင်ခန်းစာရယ်၊ ဖြစ်စဉ် အကျဉ်းချုံးလေးရယ်ကို ဘယ်သူ့ဘယ်သူမှ အထင်မလွဲစေပဲ အမှန် အတိုင်း ပိုမို နားလည် စေချင်လို့ပါ။ ကျနော် ၊ ငြိမ်းချမ်းကိုနဲ့ ရော်နီ ၃ယောက်ဆုံဖို့တော့ အချိန်တစ်ခုရွှေ့လိုက်ရတဲ့ အတွက် စာနယ်ဇင်း မီဒီယာ မိတ်ဆွေတွေကို လည်း ခေတ္တ စောင့်ဆိုင်းပေးဖို့ မေတ္တာရပ်ပါတယ်”
အောက်တိုဘာ ၇ ရက်ညနေက မူးယစ်ရဲတပ်ဖွဲ့က သတင်းအရဆိုပြီး အဆိုတော် ဖြိုးပြည့်စုံ၊ တေးရေး ငြိမ်းချမ်းကိုနဲ့ ရော်နီစန်းလွင်တို့ကို မြန်မာပလာဇာ မြေညီထပ်က ကော်ဖီဆိုင် တဆိုင်မှာ ဖမ်းဆီးပြီး ဗဟန်းရဲစခန်းမှာ အမှုဖွင့်ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၉ ရက်နေ့မှာတော့ သူတို့ကို ဖမ်းဆီးရာမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဆေးပြားတွေကို ဓာတ်ခွဲစမ်းသပ်ရာမှာ မူးယစ်ဆေးမဟုတ်ကြောင်း တွေ့ရှိတဲ့အတွက် ပြန်လွှတ်ပေးလိုက်တာလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးလှဖုန်းကျော်က ဒီဗွီဘီကို ပြောပါတယ်။