A d v e r t i s e m e n t With Us

ဟွန်ဒူးရပ် သမ္မတကို ရာနှင့်ချီသည့် ပြည်သူများ လမ်းပေါ်ထွက်ဆန္ဒပြ

ဟွန်ဒူးရပ်စ်နိုင်ငံမှာ ပြည်သူတွေ လမ်းတွေပေါ်ကို အောက်တိုဘာ ၉ ရက်က ထွက်လာပြီး သမ္မတ ဟွမ်အော်လန်ဒို ဟာနန်ဒဲ့ဇ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ စီရင်ချက် ချခံရပြီးသား မူးယစ်ကုန်ကူးသူတွေနဲ့ သမ္မတရဲ့ ညီအကိုတို့ အဆက်အသွယ် ရှိတယ်ဆိုတဲ့ စွဲချက်တွေကို သမ္မတက အလူးအလဲ ရင်ဆိုင်နေရပါတယ်။  မြို့တော် တေဂူစီဂယ်ပါက လမ်းတွေပေါ်မှာ အောက်တိုဘာ ၉ ရက်နေ့က ရာချီတဲ့နိုင်ငံသားတွေ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ခဲ့ကြတာပါ။ ဒါပေမယ့် ညနေပိုင်းမှာ ဆန္ဒပြသူတချို့က မျက်ရည်ယိုဓာတ်ငွေ့နဲ့ ပစ်ခတ်တဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ သမ္မတနဲ့ညီအကိုဖြစ်သူ အောက်လွှတ်တော် အမတ်ဟောင်းရှေ့နေ တိုနီဟာနန်ဒက်ဇ်ဟာ တရားမဝင် လက်နက်ပိုင်ဆိုင်မှု၊ အမေရိကန်ကို ကိုကင်းတင်ပို့ဖို့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ပူးပေါင်းလှုပ်ရှားမှုတွေနဲ့ စွပ်စွဲခံရပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ တရားစွဲ ခံထားရပါတယ်။ ဆန္ဒပြသူတွေက ဒီအချက်ကို ကိုးကားခဲ့ကြတာဖြစ်ပြီး တိုနီကတော့ သူ့မှာ အပြစ်မရှိဘူးလို့ ထွက်ဆိုထားပါတယ်။  မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပိုက သူ့ရဲ့ ကိုကင်းကုန်ကူးမှုမှာ ကာကွယ်ပေးဖို့ ကတိရအပြီးမှာ သမ္မတ ဟာနန်ဒဲ့ဇ်ရဲ့ ရွေးကောက်ပွဲ လှုပ်ရှားမှုအတွက် အမေရိကန်ဒေါ်လာ ၁ သန်းပေးဖို့ ကြိုးစားခဲ့တယ်လို့ အောက်တိုဘာ ၈ ရက် တရားရုံး ကြားနာပွဲမှာ မျက်မြင်သက်သေ တယောက်က ထွက်ဆိုပါတယ်။ သမ္မတကတော့ ဂက်ဇ်မဲန်းဆီကတင်မက တခြား မူးယစ်ကုန်သည်တွေဆီကပါ ငွေမယူခဲ့ဘူးလို့ ငြင်းပါတယ်။  တိုနီ ဟာနန်ဒက်ဇ်ဟာ ညီအကိုဖြစ်သူ သမ္မတရဲ့ အကာအကွယ်နဲ့ တန်ချီတဲ့ ကိုကင်းတွေကို အမေရိကန်နိုင်ငံထဲကို ရွှေ့ခဲ့တယ်၊ တချို့တွေကို သူ့လက်မှတ်ထိုးပြီး တံဆိပ်ခတ်နှိပ်ထားပြီး မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ လူသတ်မှု ၂ မှုမှာလည်း ပတ်သက်နေတယ်လို့ အမေရိကန် အစိုးရရှေ့နေတွေက ပြောပါတယ်။  အမေရိကန် အစိုးရကတော့ ဟွန်ဒူးရပ်စ် သမ္မတကို မူးယစ်ကုန်ကူးမှု တိုက်ဖျက်ရေးမှာ မဟာမိတ်အဖြစ် သတ်မှတ်ထောက်ခံနေတာပါ။  ဟွန်ဒူးရပ်စ် သမ္မတဟာ ရွေးကောက်ပွဲ လိမ်ညာမှုစွဲချက်တွေ ရှိနေပေမယ့် ၂၀၁၈ ဇန်နဝါရီမှာ ဒုတိယသမ္မတ သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့အပြီး သူ့ကို လူကြိုက်များမှု ကျဆင်းနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up