ကယ်လီဖိုးနီးယားတွင် တောမီးလောင်မည့်ဘေး လျှော့ချရန် ကြိုတင်မီးဖြတ်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ခြောက်သွေ့တဲ့ ရာသီဥတုအတွင်း လေပြင်းတိုက်နေတာကြောင့် တောမီးလောင်မယ့်ဘေးကို လျှော့ချနိုင်ဖို့ ပစိဖိတ်ဓာတ်ငွေ့နဲ့ အီလက်ထရောနစ် PG&E ကုမ္ပဏီက ကြိုတင်စီမံ မီးဖြတ်ထားပါတယ်။
ဒါကြောင့် အောက်တိုဘာ ၉ ရက်က အိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ငါးသိန်းကျော် လျှပ်စစ်မီး ပြတ်တောက်နေပါတယ်။
ပြည်သူတွေ ဘေးကင်းရေး မီးဖြတ်မယ့် ဒုတိယအဆင့်မှာ နောက်ထပ် သုံးစွဲသူ ၂၃၄၀၀၀ ကို မီးဖြတ်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။
တတိယအဆင့်မှာတော့ နောက်ထပ် အိမ်တွေနဲ့ စီးပွားရေးလုပ်ငန်း ၄၂၀၀၀ ကို မီးဖြတ်မှာပါ။
ပြည်နယ်အတွင်း မြို့နယ် ၅၈ ခုက ၃၄ ခုမှာ မီးဖြတ်ဖို့ စီစဉ်ထားပါတယ်။ ဒီနေရာတွေ အားလုံးဟာ PG&E လုပ်ငန်းက ကယ်လီဖိုးနီးယား မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ ဝန်ဆောင်မှုပေးနေတဲ့ နေရာတွေပါ။
ကြာသပတေး နေ့လယ်ပိုင်းမှာ လေပြင်းက ၁ နာရီမိုင် ၇၀ နှုန်းနဲ့ တိုက်ဖို့ရှိနေလို့ မီးဖြတ်ထားမယ်၊ လေပြင်းရဲ့ အားတွေ လျော့ကျသွားမှ မီးပြန်ပေးမယ်၊ မီးဖြတ်ထားတဲ့အချိန်မှာ PG&E က အပျက်အစီး စစ်ဆေးတာနဲ့ ပြင်ဆင်တာတွေ လုပ်သွားမယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ရာသီဥတု ပြန်ကောင်းအပြီး ၂၄ နာရီကနေ ၄၈ နာရီအတွင်း သုံးစွဲသူ အများစုကို မီးပြန်ပေးဖို့ မျှော်လင့်ထားတယ်လို့ ကုမ္ပဏီရဲ့ ပြောခွင့်ရက ပြောပါတယ်။
အောက်တိုဘာ ၉ ရက်နေ့ မီးမဖြတ်ခင် လက်နှိပ်ဓာတ်မီးတွေ၊ ဘက်ထရီအိုးအသစ်တွေနဲ့ ရှေးဦး သူနာပြုပစ္စည်းတွေ၊ ငွေစက္ကူတွေအပြင် အီလက်ထရောနစ် ပစ္စည်းတွေနဲ့ အေးခဲထားရမယ့် ဆေးတွအတွက် ကြိုတင်စီစဉ်ပြင်ဆင်ထားဖို့ လျှပ်စစ်သုံးစွဲသူတွေကို ကုမ္ပဏီက တိုက်တွန်းခဲ့ပါတယ်။
မီးဖြတ်မယ့် လုပ်ဆောင်ချက်ကြောင့် အိမ်နဲ့လုပ်ငန်း ၈ သိန်းနီးပါး၊ စုစုပေါင်း လူဦးရေ သန်းချီပြီး လျှပ်စစ်မီးမရှိဘဲ နေရမှာပါ။
ပြည်နယ်တလွှား အလံနီ သတိပေးချက်တွေကို စိုက်ထူသွားမယ်လို့ ကာလီဖိုးနီးယား သစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာနက ပြောထားပါတယ်။