ဘူးသီးတောင်မြို့နယ် အန်အယ်လ်ဒီရုံးသစ်အနီး မိုင်းပေါက်ကွဲ
DVB
·
October 10, 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပန်းဇင်းချောင်းတံတား အရှေ့ဘက် နန်းရာကုန်းအနီးကားလမ်း အန်အယ်လ်ဒီရုံးသစ်အနီး အောက်တိုဘာ ၉ ရက် မနက် ၉ နာရီလောက်က မိုင်းပေါက်ကွဲခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဝင်းဇော်ဦးက အတည်ပြုပြောပါတယ်။
"အသစ်တည်ဆောက်နေတဲ့ အန်အယ်ဒီ ရုံးသစ်အနီးမှာ ပေါက်တာ။ အေအေက ထောင်တဲ့မိုင်း၊ အခုတော့ လမ်းပိတ်ထားတယ်ဆိုတာက မိုင်းတွေ နောက်ကျန်နေတာကို တပ်မတော်က မိုင်းရှင်းလင်းရေးလုပ်နေတယ်။ ဒီလိုမပိတ်ထားရင် မပေါက်သေးတဲ့ မိုင်းထပေါက်ရင် ပြည်သူတွေပဲ ထိခိုက်မှာ ဖြစ်တယ်"လို့ပြောပါတယ်။
မိုင်းပေါက်ကွဲတဲ့ နန်းရာကုန်းကျေးရွာအုပ်စုဟာ ဘူးသီးတောင်မြို့နဲ့ တစ်မိုင်လောက်တောင်မဝေးတဲ့ နေရာမှာနေပြီး အခုလို မိုင်းပေါက်ကွဲတဲ့ အတွက် ပြည်သူတွေကတော အထိတ်တလန့်ဖြစ်နေကြပါတယ်။
မင်းလှကိုင်းကျေးရွာသာ မောင်သန်းဝေက "ကျနော်တို့ ဘူးသီးတောင်ကနေ ရွာပြန်မလို့သွားတာ ပန်ဇင်းတံတားကနေ ပြန်လှည့်လာ ရပါတယ်။ စိုင်းတင်တံတားဖက်က လာတဲ့သူတွေကိုလည်း လမ်းမှာတားထားပါတယ်။ လုံခြုံရေး အခြေအနေအရ ပိတ်ထားတာလို့ပြောတယ်။ ဘယ်လောက်ကြာမလဲ မသိဘူး။ တရက်ဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်"လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့မှ ကားသမားတစ်ဦးဖြစ်တဲ့ မာမတ်အီလီယက်ကလည်း မိုင်းပေါက်တဲ့ အတွက် လမ်းတွေအားလုံးပိတ်ထားတယ်။ ဘယ်ကိုမှသွားမရဘူးလို့ ပြောပါတယ်။
မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အေအေ ပြောခွင့်ရ ခိုင်သုခကို အကြိမ်ကြိမ် ဖုန်းခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိခဲ့ပါ။
ကောင်းကောင်း