လုပ်အားခနည်းနေသဖြင့် ထိုင်းနိုင်ငံကို တရားဝင် ရေလုပ်သား စေလွှတ်နိုင်ခြင်းမရှိသေး
အောင်ဆန်းဦး
·
October 10, 2019
ထိုင်းနိုင်ငံကို တရားဝင် ရေလုပ်သားစေလွှတ်ဖို့ နှစ်နိုင်ငံ အစိုးရချင်း ညှိုနှိုင်းမှု အဆင်ပြေ ပေမယ့် လုပ်ခလစာ နည်းပါးနေတဲ့အတွက် ပို့ဆောင်နိုင်ခြင်းမရှိသေးဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သိရပါတယ်။
ထိုင်းနိုင်ငံရေလုပ်ငန်းတွေအတွက် မြန်မာနိုင်ငံမှ ရေလုပ်သားတွေ တရားဝင်ပို့ဆောင်နိုင်စေဖို့ နှစ်နိုင်ငံ အစိုးရချင်း ညှိုနှိုင်းဆောင်ရွက်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ ဒီဗွီဘီက မေးမြန်းရာမှာ အလုပ်သမား အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အခုလို ပြောဆိုလိုက်တာပါ။
“ရေလုပ်သားပို့ဖို့ ကိစ္စက အစိုးရချင်း ညှိနှိုင်းလို့အဆင်ပြေပါတယ်။ ဒါပေမယ့် လုပ်ခလစာနည်း နေလို့ အခုမပို့နိုင် သေးဘူး။ အလွန်နည်းနေတာ။ တစ်သောင်းနှစ်ထောင်ပဲ ပေးတယ်။ ဘယ်လိုမှ မကိုက်ဘူး။ နောက်ပြီးတော့ လုပ်ငန်းကလည်း အရမ်းပင်ပန်းတဲ့ အလုပ်တွေဖြစ်တယ်”လို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။
လက်ရှိအခြေအနေအရ ထိုင်းဘတ်ငွေစျေး မြင့်တက်နေပေမယ့် လုပ်ငန်းရှင်ဘက်က ပေးချေဖို့ အဆိုပြုထားတဲ့ လုပ်ခလစာ ဘတ် ၁၂၀၀၀ ဟာ မြန်မာကျပ်ငွေ ၆ သိန်းဝန်းကျင်သာ ရှိတာလည်းဖြစ်ပါတယ်။
အောက်တိုဘာ ၉ ရက်နေ့အထိ ထိုင်းငွေစျေးနှုန်း ၁ ဘတ်ကို မြန်မာကျပ်ငွေ ၅၀.၅၂၆ ကျပ်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖော်ပြပါတယ်။