Homeမြန်မာသတင်း
စည်ပင်နှင့် ပြည်သူပူးပေါင်းလုပ်ဆောင်ရန် မန္တလေးမြို့တော်စည်ပင်သို့ အကြံပြုချက်များ ဖေ့စ်ဘုတ်အုပ်စု စတင်ဖွဲ့စည်း
စည်ပင်နှင့် ပြည်သူပူးပေါင်းလုပ်ဆောင်ရန် မန္တလေးမြို့တော်စည်ပင်သို့ အကြံပြုချက်များ ဖေ့စ်ဘုတ်အုပ်စု စတင်ဖွဲ့စည်း
DVB
·
October 10, 2019
မန္တလေးမြို့တော်သာယာဖွံ့ဖြိုးဖို့အတွက် စည်ပင်နဲ့ ပြည်သူလူထု ပူးပေါင်းလုပ်ဆောင်ဖို့ မန္တလေးမြို့တော်စည်ပင်ထံ အကြံပြုချက်တွေပေးပို့နိုင်တဲ့ ဖေ့စ်ဘွတ်ခ် အုပ်စုတခု အောက်တိုဘာ ၈ရက်နေ့က စတင်ဖွဲ့စည်းပေးလိုက်ပါတယ်။
စည်ပင်နဲ့ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေ၊ ဆောင်ရွက်ပေးစေလိုတာတွေ၊ အကြံပြုလိုတာတွေ၊မေးမြန်းလိုတာတွေ အတွက် ဒီ ဖေ့စ်ဘွတ်ခ်အုပ်စုကို ဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လူမှုကွန်ရက်အုပ်စုကို မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်တွေ၊ ဌာနမှူးတွေကပါ စောင့်ကြည့်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ပြောစကားတွေကို ချက်ခြင်းသိရှိပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်မယ်လို့ ကော်မတီဝင်ဦးကျော်ဆန်းမြင့်က ပြောပါတယ်။
ဒီအုပ်စုထဲမှာ အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေကို ရေးသားဖော်ပြခွင့်ပြုမှာဖြစ်ပြီး သတင်းမှားတွေ၊ ညစ်ညမ်းရိုင်းစိုင်းစွာ ဆဲဆိုတာတွေ မဖော်ပြစေဖို့နဲ့ အကောင့်တုတွေမပါဖို့ကိုလည်း စိစစ်လက်ခံမှာဖြစ်တယ်လို့ ဆိုပါတယ်။
မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အကျိုးမဖြစ်ထွန်းစေမယ့် ရေးသားဖော်ပြမှုတွေကိုတော့ စီစစ်ဖယ်ရှားမယ်လို့ သိရပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ ပြည်သူအတွက် ဆောင်ရွက်ပေးစေလို တာတွေရှိရင်လည်း စည်ပင်ကထုတ်ဝေတဲ့ မန္တလေးနေ့စဉ်သတင်းစာရဲ့ "မြို့တော်စည်ပင် သိစေချင်" ကဏ္ဍမှာ ပြည်သူတွေရဲ့ပေးစာတွေကို နေ့စဉ်ထည့်သွင်းဖော်ပြပေးနေပါတယ်။
သတင်း- ထိန်ထိန်လင်း