မြောက်ကိုရီးယားနျူကလီးယား လက်နက်စမ်းသပ်မှုစွန့်လွှတ်ရန် ကုလအဖွဲ့ဝင်နိုင်ငံများ တိုက်တွန်း

733
နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းပစ်ဒုံးကျည် စမ်းသပ်မှုအစီအစဉ်တွေကို မြောက်ကိုရီးယား စွန့်လွှတ်ရေး ခိုင်ခိုင်မာမာရှေ့တိုးဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင် ၅ နိုင်ငံနဲ့ အက်စတိုးနီးယားနိုင်ငံတို့က အောက်တိုဘာ ၈ ရက်မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အင်္ဂါနေ့မှာ တံခါးပိတ်အစည်းအဝေးကျင်းပအပြီး ပူးတွဲထုတ်ပြန်ချက်ကို ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ မြောက်ကိုရီးယားက ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းပစ်ဒုံးကျည်သစ်ကို ပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။
ဒါ့ကြောင့် မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့ ဂျာမနီ၊ ဗြိတိန်နဲ့ ပြင်သစ်တို့က တောင်းဆို ခဲ့တာပါ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းအရ မြောက်ကိုရီးယားကို ပဲ့ထိန်း ဒုံးကျည်နည်းပညာ အသုံးပြုခွင့် တားမြစ်ထားပါတယ်။
ဒါ့ကြောင့် မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားအောင်လုပ်ရာကျပြီး လုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်တယ်လို့ ဥရောပကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ပြောခဲ့ကြပါတယ်။
မြောက်ကိုရီးယားကလည်း သူ့ရဲ့ ဒုံးကျည်ပစ်လွှတ်စမ်းသပ်တာတွေကို လုံခြုံရေး ကောင်စီမှာ ဆွေးနွေးတာနဲ့ ပတ်သက်လို့ အောက်တိုဘာ ၇ ရက်က သတိပေးခဲ့ပါတယ်။
ဒီကိစ္စဟာ အချုပ်အခြာကာကွယ်မယ့်ဆန္ဒကို ပိုတွန်းအားပေးရာ ရောက်လိမ့်မယ်လို့ မြောက်ကိုရီးယားက အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံကို သတိပေးခဲ့ပါတယ်။