Home
မြန်မာသတင်း
တရုတ်နိုင်ငံသား ၁ ဦးနှင့် လက်ပံတောင်းတောင်ဒေသခံ ၇ ဦးတို့ကို ငွေဒဏ်များချမှတ်
DVB
·
October 10, 2019
စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသ၊ ဝက်မှေးရွာဟောင်းရှိဒေသခံ ၇ ဦးနဲ့ ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသား ၁ ဦးတို့အကြား အပြန်အလှန်တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး  ၃ နှစ်ကျော်အကြာ အောက်တိုဘာ ၉ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ် တရားရုံးက အပြီးသတ် ငွေဒဏ် အမိန့်ချမှတ်လိုက် ပါတယ်။ တရုတ်နိုင်ငံသား Mr. Yu Guo Li ကို ဒဏ်ငွေကျပ် ၁ သိန်း၊  ဒေသခံတွေဖြစ်တဲ့ မသွဲ့သွဲ့ဝင်း၊ အောင်ဇော်ဦးနဲ့ နိုင်မိုးတို့ကို ဥပဒေပုဒ်မ ၄၄၇ နဲ့ ဥပဒေပုဒ်မ ၃၂၃ နှစ်ခုအတွက်  ဒဏ်ငွေသုံးသောင်းကျပ်စီ၊ သန်းဝင်း၊ လှဆန်း၊ မြင့်ဦး၊ မောင်မောင်ကြီးတို့ကိုတော့ ဥပဒေပုဒ်မ ၄၄၇ နဲ့ ဥပဒေပုဒ်မ ၄၂၇ ပုဒ်မ နှစ်ခုအတွက် ဒဏ်ငွေသုံးသောင်းကျပ်စီ အပြီးသတ်အမိန့်ချမှတ်ခဲ့ပါတယ်။ ခုလို ဒဏ်ငွေချမှတ်ခံရတဲ့အပေါ် ဒေသခံ မသွဲ့သွဲ့ဝင်းက"ကျမတို့ မြန်မာနိုင်ငံတရားဥပဒေက ကြာလေ ရင်လေးစရာကောင်းလေပဲ။ မဖြစ်သင့်တာကိုလည်း ဖြစ်အောင် ပိုပြီးတော့ တိုက်တွန်း သလိုဖြစ်နေတယ်။ ကျမတို့က သူတို့ပိုင်နက်ထဲကို သက်သက်သွားပြီးကျုးလွန်တာမဟုတ်ဘူး။ တရုတ်က ကားနဲ့တိုက်လို့သာ အကုန်လုံး သူတို့ပိုင်နက်ထဲရောက်ကုန်တာ။ အခုချမှတ်တဲ့အမိန့်အပေါ်မှာတော့ ကျေနပ်မှုမရှိဘူး။ စိတ်တိုင်းမကျပါဘူး။ ကားနဲ့တိုက်သူကော အတိုက်ခံရသူပါ ငွေဒဏ်ဆိုတော့ တရားမျှတမှုမရှိပါဘူး။ တရုတ်နိုင်ငံသားက ကားနဲ့တိုက်တာကို ပေါ်လွင်ပါရက်နဲ့ ငွေ ၁ သိန်းပဲ ပြစ်ဒဏ်ချတယ်ဆိုတာ တရားမျှတမှု မရှိပါဘူး"လို့ ပြောပါတယ်။  လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဒေသခံ ၇ ဦးနဲ့ တရုတ်နိုင်ငံသား Mr. Yu Guo Liတို့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းခြံစည်းရိုး အစပ်နားမှာ နတ်စင် ၄စင်နဲ့  ဘုရားဆင်းတုတော် ၃ ဆူတည်ထားတဲ့ အုတ်တိုက်ကို စွန့်ပစ်မြေစာနဲ့ဖို့ခဲ့တာကြောင့် ဒေသခံတွေက သွားရောက်တားမြစ်ရာက အချင်းများပြီး အပြန်အလှန်အလှန်တရားစွဲဆိုခဲ့တာပါ။ ဒေသခံတွေက တရုတ်နိုင်ငံသား ကုမ္ပဏီဝန်ထမ်းကို ရာဇသတ်ကြီးပုဒ်မ ၃၃၇ အသက်အန္တရာယ်ခြိမ်းခြောက် နာကျင်စေမှုနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး ကြေးနီစီမံကိန်း ဥပဒေအကြံပေးရဲအရာရှိက ‌ရာဇသတ်ကြီးပုဒ်မ ၃၂၃၊ ၄၂၇၊ ၄၄၇ စတဲ့ နာကျင်စေမှု၊ အကျိုးစီးပွားပျက်စီးစေမှုတွေနဲ့ ဒေသခံတွေကို အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024