တရုတ်သမ္မတနှင့် ပါကစ္စတန်ဝန်ကြီးချုပ်တို့   ကက်ရှ်မီးယားအရေး ဆွေးနွေး

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရန်ခန်းနဲ့ တရုတ်မြို့တော် ပေကျင်းက ဒိုင်းအိုးယုတိုင်း နိုင်ငံတော် ဧည့်ဂေဟာမှာ အောက်တိုဘာ ၉ရက်က တွေ့ဆုံပါတယ်။ တရုတ်နဲ့ ပါကစ္စတန် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးနဲ့ အငြင်းပွားနေတဲ့ကက်ရှ်မီးယား ဒေသအတွင်း လုံခြုံရေးအခြေအနေတွေကို ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။  သြဂုတ်လက အိန္ဒိယအစိုးရက ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ပယ်ဖျက်ခဲ့အပြီး နောက်ပိုင်း ဒေသတွင်း တင်းမာမှုတွေ တိုးလာပါတယ်။ ကက်ရှ်မီးယား ပြည်နယ်ကို အိန္ဒိယနဲ့ ပါကစ္စတန်တို့က တပိုင်းစီ အုပ်ချုပ်ပေမယ့် ဒေသတခုလုံးကို ပိုင်တယ်လို့ အပြိုင်အဆိုင် ကြေညာနေကြတာပါ။ တရုတ်ကတော့ ကက်ရှ်မီးယားဒေသရဲ့ လူနေကျဲပါးတဲ့ ကုန်းမြင့်ပိုင်း တစိတ်တဒေသကို ပိုင်ပါတယ်။ ဒါကြောင့် အိန္ဒိယနဲ့ နယ်စပ် အငြင်းပွားမှု သမိုင်းရှည်လည်းရှိသလို အိန္ဒိယ အစိုးရရဲ့ လုပ်ရပ်ကိုလည်းလက်မခံနိုင်စရာလို့ ပြောပါတယ်။  တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံလမ်း စီမံကိန်းကလည်း အရှိန်အဟုန် နှေးနေပြီး ပါကစ္စတန်ရဲ့ အကြွေးပမာဏနဲ့ စီးပွားရေး ရုန်းကန်နေရမှုအပေါ် စိုးရိမ်နေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ဒါပေမယ့် ပါကစ္စတန် ဖွံ့ဖြိုးရေးနဲ့ စီမံကိန်းဝန်ကြီး ခတ်စ်ရိုဘာခါတီယာကတော့ စီမံကိန်းတွေ နှေးကွေးနေတယ်ဆိုတဲ့ စကားကို အောက်တိုဘာ ၆ရက် သတင်းစာ ရှင်းလင်းပွဲမှာ ငြင်းခဲ့ပါတယ်။

//
More News
Up