Homeမြန်မာသတင်း
သုတေသနပြုလုပ်ကြရန် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် တိုက်တွန်း
သုတေသနပြုလုပ်ကြရန် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် တိုက်တွန်း
ဆုဆုသွယ်
·
October 9, 2019
သုတေသနဟာ တက္ကသိုလ်တခုရဲ့ အသက်ဖြစ်တဲ့အတွက်ဆရာ၊ ဆရာမတွေအနေနဲ့ သုတေသနပြုလုပ်ကြဖို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က တိုက်တွန်းလိုက်ပါတယ်။
အောက်တိုဘာ ၉ ရက်နေ့က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှာဘ ကျင်းပတဲ့ ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲမှာ အခုလို တိုက်တွန်းပြောဆိုခဲ့တာပါ။
သုတေသနတွေအားကောင်းမှ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ပြီး ဘာသာရပ်ဆိုင်ရာ သင်ကြားမှုတွေမှာ ပိုမိုကောင်းမွန်လာမှာဖြစ်တဲ့အတွက် တက္ကသိုလ်ဆရာ၊ ဆရာမတွေ၊ အနေနဲ့ သုတေသနပြုလုပ်ကြဖို့လည်း ပါမောက္ခချုပ်က ပြောပါတယ်။
ဒီမနက် ဘာသာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲမှာ သဘင်ပညာဌာန၊ ဂီတပညာဌာန၊ ပန်းချီပညာဌာန ၊ပန်းပုပညာဌာန ၊ရုပ်ရှင်နှင့်ပြဇာတ်ပညာအထူးပြုဌာနနဲ့ စာပေပညာဌာနတို့က စာတမ်း ၆ စောင်ကိုဖတ်ကြားခဲ့ပါတယ်။
အဲဒီစာတမ်းဖတ်ပွဲမှာ မြန်မာ့ဂီတကိုနှုတ်နဲ့သင်ကြားတဲ့ရိုးရာနည်းစနစ်၊ လာဘန်အက သင်္ကေတနဲ့ မြန်မာ့ရိုးရာကကြိုးကကွက်၊ ဖက်ရှင်ဒီဇိုင်နာနဲ့ ပန်းချီပညာရှင်တို့ရဲ့ပေါင်းစပ်ဖန်တီးမှု၊ ကြွေမြေထည်ကို ချော်ရည်တင်ခြင်း၊ ဝီလျံရှိတ်စပီးယားရဲ့ ဒိန်းမတ်မင်းသားဟဲမ်းလက် ပြဇာတ်ဇာတ်လမ်းကို လေ့လာခြင်းနဲ့ သုတေသနလုပ်ငန်းမှာ ရည်ညွှန်းစာအုပ်တွေရဲ့ အခန်းကဏ္ဍ စတဲ့ စာတမ်းတွေကို ဖတ်ကြားခဲ့တာပါ။
ဒီပွဲမှာဖတ်ကြားခဲ့တဲ့ သုတေသနစာတမ်းတွေကို သုတေသနစာစောင် အဖြစ် ထုတ်ဝေသွားမှာလည်းဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) အနေနဲ့ ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို နှစ်စဉ် ကျင်းပလာတာဖြစ်ပြီး အခု ကျင်းပတာဟာ (၄) ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။