Home
မြန်မာသတင်း
ကာကွယ်ရေးဦးစီးချုပ်ကို ဖွဲ့စည်းပုံအရ ခန့်အပ်အတည်ပြုနိုင်ရန် ကာလုံခေါ်ယူရေး ဖိအားပေး
အောင်သူ
·
October 9, 2019
လက်ရှိအစိုးရလက်ထက်မှာ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာလုံကနေ ခန့်အပ်အတည်ပြုထားခြင်းမရှိတာကြောင့် ကာလုံခေါ်ယူနိုင်ရေး ဖိအားပေးနေတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၇ ပုဒ်မ ၃၄၂ အရ နိုင်ငံတော်သမ္မတက အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့အဆိုပြုထောက်ခံချက်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမယ်လို့ ပါရှိပါတယ်။ ဒါပေမယ့်  အန်အယ်လ်ဒီ အစိုးရ လက်ထက်မှာ ကာလုံခေါ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးထားခြင်း မရှိပါဘူး။ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရင်အစိုးရက ခန့်အပ် တာဝန်ပေးထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အာဏာရပါတီအစိုးရလက်ထက်မှာ ကာလုံခေါ်ယူခဲ့ခြင်း မရှိလို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ကို တရားဝင် ခန့်အပ်ထားတာ မဟုတ်ဘူးလို့ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ  ဦးကြီးမြင့်က ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ အသက် ၆၀ ပြည့်သွားလို့ နိုင်ငံဝန်ထမ်းဥပဒေအရအငြိမ်းစားယူရမှာဖြစ်ပေမယ့် တပ်မတော်ဥပဒေအရ နောက်ထပ်သက်တမ်း ၅ နှစ်ထပ်တိုးခဲ့တာကြောင့် ၂၀၂၁ ခုနှစ်အထိ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ထပ်ဦးဆောင်ခွင့် ရရှိခဲ့ပါတယ်။ တပ်ပိုင်းဆိုင်ရာဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်က သက်တမ်းတိုးခွင့်ရှိတယ်လို့ ပြောဆိုပေ မယ့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာတော့ သက်တမ်းတိုးထမ်းဆောင်ခွင့်ဆိုတာတော့ မပါရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွှန့်ကပြောဆိုပါတယ်။ ဒါ့အပြင် လက်ရှိကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က အခုအစိုးရလက်ထက်မှာ ကာလုံကနေ ခန့်အပ်ထားတဲ့ ကာကွယ်ရေးဦးစီးချုပ်မဟုတ်ဘူး လို့လည်း ဦးအောင်ကြည်ညွန့်က ဆိုပါတယ်။ အန်အယ်ဒီ အစိုးရလက်ထက်မှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီကို ခေါ်ယူပေးဖို့ အတိုက်ခံပါတီနဲ့ မဟာမိတ်တွေဘက်က တောင်းဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။ စက်တင်ဘာ လ ၂၈ ရက်နေ့က တပ်မတော်ဘက်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ဖြစ်မှ ကာလုံခေါ်မှာလား ဆိုပြီး တပ်မတော်ဘက်ကပြောဆိုခဲ့ပါတယ်။ လက်ရှိတိုင်းပြည်အခြေအနေက ကာလုံခေါ်ရမယ့်အခြေအနေ မဟုတ်ဘူးလို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ကြသလို ကာလုံက မဲခွဲဆုံးဖြတ်မယ့်နေရာမဟုတ်ရင် အချိုးညီတဲ့ ဖွဲ့စည်းပုံဖြစ်အောင်ပြင်ဆင်ပေးဖို့လိုတယ်လို့လဲ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက  သုံးသပ်ပါတယ်။ တိုင်းပြည်အခြေအနေကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ခေါ်ယူပေးဖို့ အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခန်း ၁၀ အရ သက်ဆိုင်ရာဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကသာ တင်ပြခွင့်ရှိပြီး ကာလုံခေါ်ယူခြင်း မခေါ်ယူခြင်းကို သမ္မတကသာဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အခုလို ကာလုံခေါ်ယူရေးဖိအားပေးနေတာက ပြည်သူတွေကို ထင်ယောင်ထင်မှားနဲ့ ကြောက်စိတ်ဝင်အောင် လုပ်ဆောင်နေသလိုဖြစ်တယ်လို့  ၈၈မျိုးဆက် ပဲခူးက ကိုသိန်းဋ္ဌေးက သုံးသပ်ပါတယ်။ ကြံ့ခိုင်ရေးပါတီကတင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းမှာ ထည့်သွင်းထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့အခန်းကဏ္ဍမှာပါဝင်တဲ့ အချက်တွေက တပ်မတော်ရဲ့နိုင်ငံရေး အရပါဝင်မှုကို တိုးမြှင့်ချင်တဲ့သဘောဖြစ်နေတယ်လို့ အာဏာရ အန်အယ်ဒီ ပါတီက သုံးသပ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024