တရုတ်ကုမ္ပဏီ ၂၈ ခုကို  အမေရိကန်က ကုန်သွယ်ရေး နာမည်ပျက်စာရင်းသွင်း 

လုံခြုံရေးရုပ်သံဌာန ဟိုက်ခ်ဗီးရှင်း အပါအဝင် တရုတ်ကုမ္ပဏီတချို့ကို အမေရိကန်က ကုန်သွယ်ရေး နာမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။  တရုတ် လုံခြုံရေး ရုပ်သံလုပ်ငန်းကြီး ဟိုက်ခ်ဗီးရှင်းက အမေရိကန်ရဲ့ ကုန်သွယ်ရေး နာမည်ပျက် စာရင်းထဲ ထည့်ခံရအပြီးမှာ ဖြစ်လာမယ့် သက်ရောက်မှု အလားအလာတွေကို တွက်ချက်နေတယ်လို့ အောက်တိုဘာ ၈ ရက်မှာ ပြောလိုက်ပါတယ်။ တရုတ်အစိုးရက ဝီဂါ တိုင်းရင်းသား မွတ်စလင်တွေနဲ့ တခြား မွတ်စလင် တိုင်းရင်းသား လူနည်းစုတွေအပေါ် ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ဟိုက်ခ်ဗီးရှင်း အပါအဝင် တရုတ် ပြည်သူ့လုံခြုံရေး ဗျူရိုနဲ့ ကုမ္ပဏီ ၂၈ ခုကို အမေရိကန် ကုန်သွယ်ရေးဌာနက နာမည်ပျက်စာရင်း သွင်းအပြီးမှာ ခုလို ပြောလိုက်တာပါ။ နာမည်ပျက်စာရင်းထဲမှာ အစိုးရအေဂျင်စီ ၁၉ ခု၊ စီးပွားရေးလုပ်ငန်း ၈ ခုနဲ့ ရှင်းကျန်းပြည်နယ် ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရ ပြည်သူ့လုံခြုံရေးဗျူရိုတို့ ပါတယ်လို့ အမေရိကန် စီးပွားရေးဌာနက အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက် ပါတယ်။ စာရင်းသွင်းခံရတဲ့ ကုမ္ပဏီတွေထဲမှာ တရုတ်ရဲ့ ထိပ်တန်း မှတ်ဉာဏ်တုလုပ်ငန်းကြီးတွေ ဖြစ်တဲ့ SenseTime ကုမ္ပဏီအုပ်စု၊ မဂ်ဗီနည်းပညာလုပ်ငန်း၊ ဟိုက်ခ်ဗီးရှင်း၊ ကျဲ့ကျန်းတာ့ဟွာ နည်းပညာလုပ်ငန်း၊ ရှားမဲန်း မေးယာပီကို သတင်းအချက်အလက်ကုမ္ပဏီ၊ ယီရှင်းသိပ္ပံနဲ့ နည်းပညာ ကုမ္ပဏီတွေ ပါပါတယ်။ ဒီကြေညာချက်ဟာ တရုတ်နဲ့ အမေရိကန်ကြား ဒီသီတင်းပတ်မှာ ပြန်စမယ့် ကုန်သွယ်ရေး ဆွေးနွေးပွဲတွေနဲ့ မပတ်သက်ဘူးလို့လည်း အမေရိကန် အရာရှိတွေက ပြောပါတယ်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး ၂ နိုင်ငံ ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြား ၁၅ လကြာ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်ဖို့ တရုတ်အစိုးရနဲ့ ညှိနှိုင်းရာမှာ အမေရိကန်က ပိုရန်လိုတဲ့ ရပ်တည်ချက်ကနေ အသံထွက်မယ့် အလားအလာ ရှိတယ်လို့လည်း မီဒီယာတွေက သုံးသပ်ထားပါတယ်။ တရုတ်အစိုးရဟာ ဝီဂါ၊ ကာဇက်ခ်နဲ့ တခြား မွတ်စလင် တိုင်းရင်းသားအုပ်စုတွေအပေါ် အဆင့်မြင့်နည်းပညာသုံး စောင့်ကြည့်တာ၊ အစုလိုက် အပြုံလိုက် ဖမ်းဆီးဖိနှိပ်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်တာနဲ့ အလွဲသုံးစားလုပ်တာတွေ ကျူးလွန်ခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောထားပါတယ်။ တရုတ်ဟာ ဝီဂါနဲ့ တခြား မွတ်စလင် တိုင်းရင်းသား အယောက် တသန်းကျော်ကို ထောင်ကြီးတွေထဲမှာ ထိန်းသိမ်းထားတယ်လို့ ကုလသမဂ္ဂပညာရှင်တွေက ပြောထားပြီး အဲဒီ ထိန်းသိမ်းရေးစခန်းတွေ ထားရှိတဲ့အတွက် အနောက်ဥရောပနိုင်ငံတွေနဲ့ လူ့အခွင့်အရေးအုပ်စုတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေနဲ့ တရုတ်နိုင်ငံက ရင်ဆိုင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up