စကားလက်ဂျိုဟန်ဆန် ပါဝင်သည့် ဟစ်တလာခေတ် စစ်ပွဲနောက်ခံဒရာမာ ဇာတ်မြူးရုပ်ရှင် – Jojo Rabbit (နမူနာ)

ဒုတိယကမ္ဘာစစ်ပွဲနောက်ခံ ဒရာမာဇာတ်မြူး ရုပ်ရှင်ကားတကား ဖြစ်တဲ့ Jojo Rabbit ကို လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကျော်စူပါဟီးရိုးရုပ်ရှင် Thor: Ragnarok ရဲ့ ဖန်တီးရှင် နယူးဇီလန် ရုပ်ရှင်ဒါရိုက်တာ Taika Waititi က သူကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ ဟစ်တလာ ကြီးစိုးတဲ့ ဒုတိယကမ္ဘာစစ်ကာလကို အခြေတည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Jojo ဆိုတဲ့ ကောင်လေးက သူ့ရဲ့ အမေ Single Mother တယောက်ဖြစ်တဲ့ Rosie နဲ့အတူ နေထိုင်ပါတယ်။ တနေ့မှာတော့ သူတို့အိမ်ထဲမှာ ဂျူးမိန်းကလေးတယောက်ကို သူ့အမေက ဝှက်ထားပေးတဲ့အကြောင်းကို သိသွားချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဘယ်လို အလှည့်အပြောင်းတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲ ဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင် မင်းသမီး Scarlett Johansson ၊ ဆယ်ကျော်သက် ကလေးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Roman Griffin Davis ၊ Thomasin McKenzie တို့နဲ့အတူ ဒါရိုက်တာ Taika Waititi ကလည်း ပါဝင်သရုပ်ဆောင်ထားခဲ့တာပါ။ ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာတော့ Rating 7 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခု ဖြစ်တဲ့ Toronto International Film Festival မှာ စက်တင်ဘာလ ၁၅ ရက်နေ့က ပြသခဲ့ပြီး Grolsch People's Choice Award ကိုလည်း ရရှိထားခဲ့တာ ဖြစ်ပါ တယ်။

More News
Up