Home
မြန်မာသတင်း
ဝင်းနှင့်ဇော်တို့အတွက် အသနားခံစာ အောက်တိုဘာ ၂၁ ရက်နေ့ ထိုင်းဘုရင်ထံ တင်သွင်းမည် 
ပိုင်စိုး
·
October 9, 2019
ထိုင်းနိုင်ငံမှာ သေဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသား အကျဉ်းသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့အတွက် အသနားခံစာကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ထိုင်းဘုရင်ဆီ တင်သွင်းမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဟာ မနေ့က ထိုင်းရှေ့နေများကောင်စီရဲ့ လုပ်ငန်းအဖွဲ့အကြီးအကဲ Mr. Nakhon Comphuchat ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဘန်ကောက်မှာ တွေ့ဆုံခဲ့ပြီး သေဒဏ်ချခံထားရတဲ့ မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုး တို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက် အသနားခံစာတင်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ထိုင်းရှေ့နေများကောင်စီက ပြင်ဆင်ထားသည့် အသနားခံစာ(မူကြမ်း)ကို အောက်တိုဘာ ၁၀ ရက်၊ မနက်ဖြန်မှာ မြန်မာသံရုံးကို ပေးပို့တင်ပြမှာဖြစ်ပြီး အဲဒါကို မြန်မာနိုင်ငံ ဥပဒေအကြံပြုအဖွဲ့က အတည်ပြုပြီးရင် ထိုင်းဘုရင်ဆီကို အောက်တိုဘာ ၂၁ ရက်မှာ တင်သွင်းမှာ ဖြစ်ပါတယ်။ မြန်မာသံရုံးအနေနဲ့လည်း အကျဉ်းကျ မြန်မာနိုင်ငံသားနှစ်ယောက်အတွက် အသနားခံစာ တင်ပြရာမှာ လိုအပ်တဲ့ အထောက်အထားတွေဖြစ်တဲ့ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ အရင်က ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက်တွေကို ထပ်ဆင့်ထောက်ခံဖို့နဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်တွေ ထုတ်ပေးရေးတို့ကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပြီးတော့ တခြားညှိနှိုင်းလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း အချိန်နဲ့တပြေးညီ ဖော်ဆောင်နိုင်ရေး သက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးကို သံအမတ်ကြီးနဲ့အတူ အမှုနဲ့ပတ်သက်လို့ ဥပဒေပိုင်းဆိုင်ရာ အကြံပြု ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အစိုးရက စေလွှတ်ထားတဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မှုခင်းရဲတပ်ဖွဲ့က ရဲမှူးချုပ် စိုးနိုင်ဦးတို့နဲ့အတူ မြန်မာသံရုံး၊ ဘန်ကောက်မြို့က တာဝန်ရှိသူတွေ၊ အလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်နဲ့ ဥပဒေ အကြံပေးရှေ့နေ ဦးအောင်မျိုးသန့်တို့ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024