A d v e r t i s e m e n t With Us

အမှောင်ခေတ်မှာ စာပေဟောပြောပွဲဆိုတာ နောက်ဆုံးခံတပ်ဖြစ်ခဲ့တယ်- မင်းကိုနိုင်

အမှောင်ခေတ်မှာ စာပေဟောပြောပွဲဆိုတာ နောက်ဆုံးခံတပ်ဖြစ်ခဲ့တယ်။ ဒီအစဉ်အလာကို ထိန်းချင်လို့ စာပေဟောပြောပွဲတွေလိုက်ပြီး ပြောနေတာလို့ ၈၈ မျိုးဆက် ဦးမင်းကိုနိုင်က ပြောပါတယ်။ ဦးမင်းကိုနိုင်နဲ့ ဆက်သွယ်မေးမြန်းချက် စာပေရာသီမှာ ကိုမင်းကိုနိုင်လည်း စာပေဟောပြောပွဲတွေ ခပ်စိတ်စိတ်ဟောပြောနေတာ တွေ့ရပါတယ်။ ဘယ်လိုအကြောင်းကြောင့် အခုလို စာပေဟောပြောပွဲတွေ ခပ်စိတ်စိတ် ဟောပြောနေပါလဲ။ “ကျနော်က စာပေဟောပြောပွဲကို ၃ မျိုးမြင်တယ်။ ၁ မျိုးက လူတယောက် တသက်လုံး စုဆောင်းထားခဲ့တဲ့ တန်ဖိုးရှိတဲ့ ရတနာတွေကို ဘဏ္ဍာတိုက်ဖွင့်ပေးပြီး သယ်နိုင်သမျှ သယ်ကြဆိုတဲ့ ပုံမျိုး။ ရှေးကဆရာတွေရဲ့ လုပ်ရပ်တွေပါ။ ကျနော်တို့ မကြိုက်လို့ အသုံးမကျဘူး၊ အသုံးမတည့်ဘူး ထင်ရင်လည်း မယူရုံရှိတာပေါ့။ အဆိပ်အတောက် ရှိတယ်ထင်ရင်လည်း ဝေဖန်လိုက်ပေါ့ဗျာ။ သူကတော့ အကောင်းဆုံးထင်တဲ့ အရာတွေ စုထားသမျှ ပြန်မျှဝေတာပေါ့။ ဒါကအခွင့်အလမ်းတခု။ ကျနော်တို့လည်း အထိုက်အလျောက်ဖြတ်သန်းမှုတွေ ရှိလာကြပြီဆိုတော့ ပြန်ပြီး နောက်မျိုးဆက်တွေကို မျှဝေချင်တာတွေ ရှိတယ်။ ကိုယ့်ဘာသာကိုယ် သင့်၏ မသင့်၏  ပိုင်းခြားကြပေတော့၊ ကျနော်တို့ကတော့ ဒါတွေကြုံခဲ့ပြီ ဒီလိုမြင်တယ်ဆိုတာမျိုးပါ။” “နံပါတ် ၂ ကတော့ စာပေဟောပြောပွဲဟာ အမှောင်ခေတ်တလျှောက်လုံးမှာ နောက်ဆုံးခံတပ်ဖြစ်ခဲ့တာ။ ပုံနှိပ်အက္ခရာတွေမှန်သမျှကို ဆင်ဆာနဲ့ဆက်ကြတဲ့အခါမှာ စိစစ်ရေးက ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တဲ့အခါ ယမင်းရုပ်ကတောင် ဘီလူးမပေါင်တိုဖြစ်ခဲ့ရတယ်။ ပေးချင်တာတွေ ပေးလို့မရဘူးဗျာ။ စာပေဟောပြောပွဲကျတော့ စင်ပေါ်ရောက်ပြီဆိုတာနဲ့ ယုံကြည်ရာပြောပေတော့။ ပြီးတော့မှသာ သူ့ကို လျှာဖြတ်ဖြတ်၊ လက်ထိတ်ခတ် ခတ်ပေါ့ဗျာ။ အဲဒါက နောက်ဆုံးခံတပ်။ အဲမှာတက်ပြီး ခုခံခဲ့ကြတဲ့ ဆရာတွေရဲ့ ကျေးဇူးကို သတိရတယ်။ ကျနော်တို့ကိုယ်တိုင်လည်း စာပေဟောပြောပွဲဆိုရင် စက်ဘီး ၁ စီးနဲ့ နောက်ကလိုက် အားပေးခဲ့ကြတာကိုးဗျ။ အဲကနေ ၀ိညာဉ်တွေ ကူးစက်ခဲ့ရတာကိုး။ အဲမှာ နားထောင်တဲ့ ပရိသတ်တွေပါ ခံတပ်ပေါ် တက်ရပ်ပြီး ခုခံခဲ့ရတာ။ အဲအစဉ်အလာကိုလည်း ကျနော် ဆက်ထိန်းချင်တယ်။” “နောက်ဆုံးတချက်က စာပေဟောပြောပွဲဟာ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံရေးဟောပြောပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ကွာနေတာက ဘာလဲဆိုတော့ အများပြည်သူရဲ့ အသိမှာ နိုင်ငံရေးဟောပြောပွဲဆိုရင် ကိုယ်နဲ့တော်ပါ့မလား၊ ကြပ်နေမလား ပွလွန်းမလား၊ မတော်တရော်ကြည့်ကောင်းပါ့မလားဆိုတဲ့ ကြောင့်ကြမှုတွေ ကျန်သလောက် ကျန်နေတယ်။ စာပေဟောပြောပွဲကကျတော့ တီရှပ်နဲ့တူတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းကစွပ်လိုက်ရင် အိုကေ။ လူတော်တော်များများ လိုက်ပါနိုင်မှုရှိတယ်။ ကျနော်တို့ပြောချင်တဲ့ အနာဂတ်အကြောင်းသည် ကျနော်တို့ စိုးရိမ်တဲ့ မဖြစ်စေချင်တဲ့ တိုင်းပြည်သစ်တွေမဖြစ်အောင် ပြောဖို့ အခွင့်အလမ်းက အဲမှာရတယ်ဗျ။ အဲ ၃ ချက်နဲ့ ကျနော်လိုက် ကြိုးစားနေတာ။” အနယ်နယ် အရပ်ရပ်မှာ လိုက်ဟောပြောတဲ့အခါ ဘယ်လိုခေါင်းစဉ်တွေနဲ့ ဟောတာများပါလဲ။ ခေါင်းစဉ် တခုတည်းကိုပဲ ဟောလား။ ဒါမှမဟုတ် ဘယ်နယ်ရောက်ရင် ဘယ်လိုခေါင်းစဉ်နဲ့ဟောမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ဟောခဲ့ပါလဲ။ ရှင်းပြပေးပါ။ “အရင်တုန်းက ကျနော် စစချင်းမှာ ရသစာပေနှင့်နိုင်ငံသစ်တည်ဆောက်ခြင်းဆိုပြီး ပြောပါတယ်။ အဲမှာ စာပေအကြောင်းအရာကို အလေးကဲပြောပါတယ်။ နောက် တဖြည်းဖြည်းနဲ့ ဘာဖြစ်လာလဲဆိုတော့ လက်တွေ့ဘ၀တွေမှာ ကျနော်တို့ မပြောမဖြစ်၊ ချန်ထားလို့မရတဲ့ နေ့စဉ်ဘ၀တွေ၊ လူတွေအားလုံးနဲ့ တမျိုးသားလုံးနဲ့ ဆိုင်နေတဲ့ ကိစ္စတွေ၊ စိန်ခေါ်မှုတွေကို ပြန်ထူးဖို့ ကိစ္စတွေ ရှိတယ်။ ဒါမျိုးတွေ ပြောတဲ့အခါ ခေါင်းစဉ်က ကျယ်တဲ့အခါ ပိုပြီးကျယ်ပြန့်သွားပါတယ်။ ဥပမာ နံရံပေါ်မှစာကြောင်းများဆိုတဲ့ ခေါင်းစဉ်နဲ့ အသစ်ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ စာရေးဆရာချင်းတူရင်တောင် ထောင်ကနေထွက်လာတဲ့သူ ပြောတဲ့အခါ ထောင်ကအတွေ့အကြုံတွေ သူတို့ အင်မတန် နားထောင်ချင်တယ်။ ဒါကြောင့် ထောင်နံရံမှာဖတ်ခဲ့ရတဲ့ စာတွေကအစ၊ အရေပြားပေါ် ဖတ်ခဲ့ရတဲ့စာတွေ၊ ဆေးလိပ်တို အစီခံက ဖတ်ခဲ့ရတာတွေ ပြောတယ်။ အဲဒါတွေကနေ တဖြည်းဖြည်းနဲ့ စာပေခေါင်းစဉ်ကနေ လွတ်မသွားအောင် ပြောတယ်။ နောက် ပိုကျယ်ပြန့်လာတာက တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စတွေ။ တမျိုးသားလုံး ကျွန်ပြုခံရမယ့် အရေးတွေ၊ ကျွန်ဆန်နေတဲ့ကိစ္စတွေကို ပြောတဲ့အခါကျတော့ သပြေတန်းခံတပ်ပေါ် တက်ရပ်ခြင်းတို့၊ နောက်ဆုံးခံတပ်မှ ခုခံခြင်းတို့ အဲဒီခေါင်းစဉ်တွေနဲ့ ပြောတာရှိတယ်။ နောက် သမိုင်းရေးမယ့် လက်ပိုင်ရှင်များ ဆိုတဲ့ခေါင်းစဉ်နဲ့ ပြောရတာရှိတယ်။ ဒါတွေက ခြုံလိုက်ရင် လိုအပ်ရင် လိုအပ်သလိုပေါ့။ ကျနော်မန္တလေးရောက်တယ်၊ စစ်ကိုင်းမှာ သပြေတန်းခံတပ်ဘေးက ဖြတ်သွားတဲ့အခါ သပြေတန်းခံတပ်ကို ဆင်းသွားပြီးတော့ လိုက်လေ့လာပြီး ဒါတွေကို အချက်အလက်နဲ့ပြန်မျှဝေပြီး ကြိုးစားတင်ဆက်တာတွေ ရှိပါတယ်။ အဲဒီတကြောဟာ စစ်ကိုင်း၊ မန္တလေး၊ တံတားဦး စတဲ့နေရာတွေဟာ သပြေတန်းခံတပ် ဟိုဘက်စစ်ကိုင်းဆို အစေခံ ခံတပ်၊ အင်းဝမှာ ဆင်းကျုံး ခံတပ်၊ မတိုက်လိုက်ရတဲ့ ခံတပ်တွေမှာ မချင့်မရဲကျန်ခဲ့တဲ့ ခံစားမှုတွေ ကျနော် ပြန်ပြောတယ်။ တမျိုးသားလုံးဟာ ဂုဏ်သိက္ခာအတွက် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ကျနော်ဥာဏ်မီသလောက် ပြန်တင်ပြတာတွေ ရှိပါတယ်။ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး အပြောင်းအလဲရှိတယ်။ သို့သော် ကျနော်ကြုံရတာက တနယ်ရောက်ရင် ပြည်သူ့တချို့က ဟိုမှာဟောတဲ့ အခွေနားထောင်ပြီးပြီ။ အသစ်တွေနားထောင်ချင်လို့ လိုက်လာတာ။ အသစ်တွေဟောပေးပါ။ ကျနော်က အသစ်တွေ ပြင်ဆင်နေချိန်မှာ နောက်တယောက်ကလာတယ်၊ အသစ်ထဲက ဘယ်အကြောင်းအရာဟာဖြင့် မထည့်မဖြစ်ထည့်သင့်တယ်။ နားမထောင်ရသေးသူတွေအတွက် ပါမှဖြစ်မယ် ပြောတဲ့အခါ ကျနော်က ရာနှုန်း တ၀က်လောက်ထည့်ပေးဖို့ စဉ်းစားတယ်။ အဲမှာ နောက်တယောက်ကလာတယ်။ လုံးလုံးကြီး အဲဒီအခွေတွေ ကြည့်ဖို့ဆိုတာ ဘယ်မှာရှာရမှန်းလည်း မသိဘူးတဲ့။ အဲတော့ ကောင်းမယ်ထင်တဲ့ဟာကို ပြန်ပြောပါ၊ သူတို့ အစအဆုံး နားထောင်ချင်ပါတယ်လို့ တောင်းဆိုတဲ့သူတွေလည်း ရှိတယ်။ အဲတော့ ၃ မျိုး ဖြစ်နေတာပေါ့၊ ပရိသတ်ရဲ့သဘောက။ ကျနော်ကတော့ ရာနှုန်းနဲ့ မျှအောင် ပြောပါတယ်။ ခေါင်းစဉ်က သိပ်မပြောင်းနိုင်တော့ဘူး။ အခုဆိုရင် ၅ ခု ၆ ခုလောက် ကျနော်လှည့်ပြီးပြောတာ ရှိတယ်။ အထဲက အကြောင်းရာတွေကလည်း ဖယ်လို့ရတဲ့ဟာ ဖယ်တယ်၊ မပါမဖြစ် ထည့်သင့်တဲ့ အသစ်တွေ ကျနော်ထည့်တယ်။ အဟောင်းတွေလည်း ပါပါတယ်။” ပရိသတ်ရဲ့ တုံ့ပြန်မှုပေါ့။ ကိုမင်းကိုနိုင်ဘာပြောပြော လက်ခုပ်တီးတဲ့ ပရိသတ်မျိုး များလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်က ဘယ်လိုပရိသတ်မျိုး ဖြစ်နေတာကို တွေ့ရလဲ။ “ပရိသတ်က ကျနော့်ထက်စာဖတ်ထားတဲ့ ပရိသတ်တွေ အများကြီးပါ။ ကျနော့်ထက် တွေးခေါ်မြော်မြင်နိုင်စွမ်းရှိတဲ့ စာပေပညာရှင်တွေလည်း ပွဲတိုင်းမှာ ရှိနေတာပဲ။ ကျနော်တို့ အဲတာကို လေးစားပြီး အမြဲဆင်ခြင်ရပါတယ်။ ဆိုလိုတာက လက်ခုပ်သံကို သာယာတယ်ဆိုတဲ့အရွယ်ဟာ ကျနော်တို့ ဖြတ်သန်းကျော်လွှားဖို့လည်း သင့်ပါပြီ။ အဓိကက အဖိုးတန်တဲ့အချိန်မှာ အဖိုးတန်တဲ့ အချက်အလက်ရဖို့ ကျနော်တို့ အာရုံအမြဲစိုက်ပါတယ်။ သူတို့နှစ်သက်တဲ့အခါမှာတော့ သူတို့သဘောကျသလို တုံ့ပြန်မှုရှိတာပေါ့။ ထပြီးတော့ အားရပါးရ ကြုံးဝါးလိုက်တဲ့ ပရိသတ်တွေလည်း ကျနော်တွေ့ဖူးပါတယ်။ ကျနော်ပြောတဲ့အပေါ်မှာ သဘောမတူလို့ စိတ်ပျက်သွားတဲ့ ပရိသတ်လည်း ရှိပါတယ်။ ဒါပေမယ့် ကျနော်စဉ်းစားတဲ့နည်းကတော့ နံပါတ် ၁ အဆိပ်အတောက်ကင်းရမယ်၊ လူတွေရဲ့ နားမျက်စိထဲ ထည့်တဲ့ အကြောင်းအရာတွေပေါ့ဗျာ။ အဲတော့ အဆိပ်အတောက်ကင်းကောင်း နံပါတ် ၁ ကြိုးစားပါတယ်။ နံပါတ် ၂ ကတော့ ပြည်သူသာလျှင် မူလအရှင်သခင်ဖြစ်တယ်ဆိုတဲ့အချက်ကို ကျနော် မမေ့မလျော့ အမြဲထည့်ပါတယ်။ ပရိသတ်ရဲ့ တုံ့ပြန်မှုဆိုတာကတော့ အမျိုးမျိုးရှိပါတယ်။ ကျနော် သတိထားမိသလောက်ကတော့ ပရိသတ်နဲ့ ကျနော် အများကြီးဟသွားတာမျိုးတော့ ဒီနေ့ထိ မကြုံရသေးဘူး။ သို့သော်လည်း လူဆိုတာ မှားတတ်တဲ့ သတ္တ၀ါဖြစ်တယ်၊ သတိတရားဆိုတာ ချွတ်ချော်တတ်ပါတယ်။ အဲဒီအခါမျိုးမှာလည်း ကျနော် ပရိသတ်ရဲ့ ဆုံးမမှုကို ကျေကျေနပ်နပ် ခံယူရမှာပါ။” ပြည်ပထွက်ပြီး ဟောပြောဖို့ အစီအစဉ်လုပ်နေတာ ကျနော်တို့ သိရပါတယ်။ ဘာကြောင့် ပြည်ပထွက်ဟောဖို့ စိတ်ကူးတာပါလဲ။ “အဓိကကတော့ ကျနော်တို့ အမျိုးသားတွေ၊ ကျနော်တို့ နိုင်ငံသားတွေ ပြည်ပမှာ ကျနော်တို့နဲ့ မတွေ့ရတာ အနှစ် ၂၀၊ ၂၅ လောက်ရှိသွားပြီဆိုတော့ သူတို့ဟာလည်း ကျနော်တို့ မိသားစုဝင်တွေပါပဲ။ ကျနော်ဟာ အနှစ် ၂၀ လောက် အိမ်ကနေ ထွက်သွားတဲ့ သားတယောက်လို ဖြစ်နေတဲ့အခါမှာ အိမ်ပြန်ရောက်တဲ့အခါ ကျနော့်အောက်မှာ ကျန်ခဲ့တဲ့ ညီတွေ ညီမတွေရယ်၊ အိမ်မှာရှိတဲ့ မိန်းမသားတွေရယ် သားအကြီးမရှိတဲ့အခါမှာ ဖြစ်ပျက်ခဲ့တဲ့ အိမ်ရဲ့ အခြေအနေတွေကို ပြန်ပြောပြတယ် ကျနော် နားထောင်ရတယ်။ ကျနော်လည်း ကျနော့်အတွေ့အကြုံတွေကို ပြန်ပြောပြတယ်။ အဲဒီဟာတွေ နှစ်ခုလုံးပေါင်းပြီး ကျနော့်လိုတောင် ဒီနေ့ထိ ပြန်မလာနိုင်သေးတဲ့ ကျနော်တို့ရဲ့ ညီဘွားတွေ၊ မောင်နှမတွေအတွက် အဝေးရောက်နေတဲ့သူတွေကို ကျနော် ကိုယ့်မိခင်အိမ်လေးက အခြေအနေတွေကို ကျနော် သွားပြောပြရမှာပေါ့။ ဒါသည်ပင်လျှင် စာပေဟောပြောပွဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ စာပေလည်း မကင်းအောင်၊ စာပေကင်းလို့မရဘူး၊ လူမျိုးတမျိုးရဲ့ ဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်းက တန်ဖိုးဟာ စာပေအပေါ်လည်း များစွာ မူတည်နေပါတယ်။ အဲတော့ သူတို့ ဖိတ်ခေါ်ကတည်းက စာပေဟောပြောပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဖိတ်ခေါ်တယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အနှစ်သာရက မိသားစု စကားဝိုင်းဖြစ်ဖို့ သေချာပါတယ်။

A d v e r t i s e m e n t With Us

More News
Up