
ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းမိုင် နှစ်မြို့ပေါင်းကနေ ကြိုတင်ဆန္ဒမဲပေးသူ အရေအတွက်ဟာ ၆၀၀ ကျော်သာရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ အစီရင်ခံစာပါ စာရင်းတွေအရ ဆိုရင် ဒီခန့်မှန်းချက်က မမှားနိုင်ဘူးလို့ တွက်ဆနိုင်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ ကာလတုန်းက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ မီဒီယာတွေကို ဖြေကြားချက်အရ ဆိုရင်တော့ ဘန်ကောက် မြန်မာသံရုံးမှာ ကြိုတင်မဲလာပေးသူ အရေအတွက်ဟာ ၃၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖုန်းဆက်ပြီး မေးမြန်းရာမှာတော့ ထိုင်းကနေ ကြိုတင်မဲပေးသူ အရေအတွက်ဟာ ၉၀၇ ဦး ရှိတယ်လို့ ဆိုပြန်ပါတယ်။ ကိန်းဂဏန်းတွေက အမျိုးမျိုးအထွေထွေဖြစ်လို့ ဘယ်ဟာ အမှန်လဲဆိုတာ မေးခွန်းထုတ်စရာပါ။
ထိုင်းနိုင်ငံမှာ အထောက်အထားရှိ မြန်မာအလုပ်သမား အရေအတွက်ဟာ ၂၀၁၅ ခုနှစ်တုန်းက ၁ သန်းခွဲလောက် ရှိတယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေ ပူးပေါင်းထုတ်ပြန်ထားတဲ့ Thailand Migration Report 2019 အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ ထိုင်းရောက် မြန်မာနိုင်ငံသား အရေအတွက် ၃၀၀၀ နဲ့ တွက်ရင်တောင် မဲပေးခွင့်ရခဲ့သူဟာ ၀ ဒသမ ၂ ရာခိုင်နှုန်းအောက်မှာပဲ ရှိနေတာပါ။
ကမ္ဘာတဝန်းမှာ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးရှိတဲ့ မြို့ပေါင်း ၄၀ ကျော်ရှိရာမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ကမ္ဘာတဝန်းက မြန်မာမဲဆန္ဒရှင်တွေ ကြိုတင်မဲပေးခဲ့ကြတဲ့ စုစုပေါင်း အရေအတွက်ကတောင် ၃၀၀၀၀ ကျော်လောက်ပဲ ရှိပါတယ်။
ရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရတခု ဖြစ်သလို စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ပေါ်ပေါက်လာဖို့ အရေးကြီးပါတယ်။ ရွေးကောက်ပွဲတိုင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင် ပြည်သူတွေ အားလုံးလည်း ပါဝင်မဲပေးနိုင်ဖို့ မဲပေးခွင့် ရကြဖို့လည်း အလွန်အရေးကြီးတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ မိမိနာမည် မဲစာရင်းမှာ မပါလို့ မဲပေးခွင့်မရသူတွေ ရှိသလိူ ရွေးကောက်ပွဲ ကျင်းပချိန်မှာ မိမိနေရပ်ဒေသမှာ မရှိလို့ တနယ်တကျေး၊ ဒါမှမဟုတ် ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြလို့ မဲပေးခွင့် ဆုံးရှုံးခဲ့ရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။
နိုင်ငံသားတွေအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးရလေအောင် ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ အစိုးရတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်တွေမှာ အပြည့်အဝ တာဝန်ရှိနေတာပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကတော့ နိုင်ငံခြား ရောက်နေသူတွေ မဲပေးခွင့် မဆုံးရှုံးအောင် သံရုံးကို သတင်းပို့ကြဖို့ လိုတယ်လို့ ဒီဗွီဘီနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။
“အရင်တုန်းကတော့ နိုင်ငံခြားရေးဌာနနဲ့ ကျနော်တို့ ဆက်သွယ်တယ်။ ဆက်သွယ်ပြီး သံရုံးတွေနဲ့ လုပ်တယ်။ အဓိကတော့ ပြည်ပမှာ ရောက်နေတဲ့သူတွေက သက်ဆိုင်ရာ သံရုံးတွေကို အသိပေးဖို့ လိုတယ်။ သတင်းပို့ထားဖို့ လိုတယ်။ သက်ဆိုင်ရာ သံရုံးတွေမှာ သတင်းပို့ထားတဲ့ လူတွေပဲ သံရုံးကလည်းပဲ ကြိုတင်မဲယူနိုင်တာကိုး။ တချို့လည်း သတင်းမပို့နိုင်ကြဘူး။ ဒါကြောင့်မလို့ သတင်းပို့နိုင်အောင် တွန်းအားပေးပြီး ပညာပေးနေတာပေါ့။ နိုင်ငံခြား ရောက်နေသူတွေ မဲပေးခွင့် မဆုံးရှုံးအောင် သံရုံးကို သတင်းပို့ကြပါ။ အဲလို သတင်းပို့ရင် တကယ်လို့ သံရုံးကို ကျနော်တို့က ကြိုတင်မဲပေးမယ့်နေ့ သတ်မှတ်တာပေါ့နော်။ အဲဒီလို သံရုံးကို လာဖို့ အခက်အခဲတွေ ရှိနေတယ်ဆိုရင် ဘာကြောင့်ရှိသလဲ၊ သံရုံးကို လာဖို့ အခက်အခဲတွေ ဘာတွေ ရှိနေတယ်။ ဝေးလံနေတယ်ဆိုလည်း သူတို့အတွက် ဘယ်လို လုပ်ပေးမလဲဆိုပြီး ကျနော်တို့က စီစဉ်ဆောင်ရွက်သွားမှာပါ။ အဓိကတော့ သံရုံးတွေကို ဆက်သွယ် သတင်းပို့ထားဖို့ လိုအပ်တယ်။ မဲပေးခွင့် မဆုံးရှုံးအောင်။”
ပြည်ပရောက် မြန်မာတွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောသလို သံရုံးကို သတင်းပို့လိုက်ရုံနဲ့ အလွယ်တကူ မဲပေးလို့ ရတာတော့ မဟုတ်ပါဘူး။
လက်ရှိ မြန်မာပြည် ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ပြည်ပရောက် မြန်မာတွေ မဲပေးခွင့် ရဖို့က ဝင်္ကပါတခုလို ရှုပ်ထွေးခက်ခဲနက်နဲလှပြီး မဲပေးတဲ့ကိစ္စ လမ်းပြမြေပုံတခု ရေးဆွဲဖို့ လိုအပ်ကောင်းလိုအပ်မှာပါ။
နိုင်ငံပြင်ပမှာ ရောက်ရှိနေတဲ့ မဲဆန္ဒရှင်တွေ မဲပေးနိုင်ဖို့ မဲပေးလိုသူတွေအနေနဲ့ အရင်ဆုံး သံရုံးမှာ သတင်းပေးပို့ပြီး ပုံစံ ၁၅ ကို ဖြည့်ရပါမယ်။ ဖြည့်စွက်ပြီး ပုံစံ-၁၅ ကို သံရုံးက နိုင်ငံခြားရေးဌာနကို ပေးပို့၊ နိုင်ငံခြားရေးဌာနကမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပို့ရပါမယ်။
တခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပုံစံ-၁၅ တွေကို စိစစ်ပြီး သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ခွဲတွေထံပေးပို့၊ မြို့နယ်ကော်မရှင်ခွဲက ကျေးရွာ ရပ်ကွက် ကော်မရှင်ထံ ဆက်လက်ပေးပို့၊ ရပ်ကျေးကော်မရှင်ခွဲတွေက ပုံစံ-၁၅ ဖြည့်ထားတဲ့ မဲဆန္ဒရှင်ရဲ့ အမည် မဲစာရင်းမှာ ပါမပါ စစ်ဆေးရပါမယ်။ အမည်ပါဝင်ပါက ပုံစံ (၁-၃) နဲ့ စာရင်းပြုစု၊ ပြုစုပြီးပါက ပုံစံ (၁-၃) မိတ္တူနှစ်စောင် ကူးယူကာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲထံပို့၊ မြို့နယ်ကော်မရှင်ခွဲက ပုံစံ (၁-၃) ပါ မဲဆန္ဒရှင်ထံ ပို့ရမယ့် ကြိုတင်မဲလက်မှတ်နဲ့ စာအိတ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ထပ်ပြန်ပို့ရ ပြန်ပါတယ်။
တခါအဲဒီစာအိတ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံခြားရေးဌာနထံ ပြန်ပို့၊ နိုင်ငံခြားရေးဌာနက သက်ဆိုင်ရာနိုင်ငံအလိုက် သံရုံးနဲ့ ကောင်စစ်ရုံးတွေထံ ပြန်ပို့ပြီး ကြိုတင် ဆန္ဒမဲပေးရမယ့်နေ့မှာ မဲပေးလိုသူတွေ သွားပေးနိုင်ပါပြီ။
မဲပေးပြီးတဲ့အခါမှာတော့ မဲဆန္ဒရှင်တွေပေးထားတဲ့ ကြိုတင်မဲစာအိတ်တွေကို သံရုံးတွေက နိုင်ငံခြားရေးဌာနမှတဆင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပြန်ပို့ပြီး ကော်မရှင်က သက်ဆိုင်ရာ တိုင်းပြည်နယ်၊ မြို့နယ်ခွဲတွေက တဆင့် ရပ်ကျေးကော်မရှင်ရုံးတွေထံ ပြန်ပို့ပြီး နောက်ဆုံး မဲရေတွက်ရာမှာ ထည့်သွင်းရေတွက်ပေးတာ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဒီလုပ်ငန်းစဉ်အတိုင်းပဲ အပြောင်းအလဲမရှိ ဆက်လက်လုပ်ဆောင်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။
ယနေ့ခတ်လို အိုင်တီဆက်သွယ်ရေးနည်းပညာတွေ တိုးတက်လာပြီဖြစ်တဲ့ ကမ္ဘာမှာ ယခုလို ရှုပ်ထွေးခက်ခဲလှတဲ့ ပြည်ပရောက် ဆန္ဒမဲပေးတဲ့ လုပ်ငန်းစဉ်ကြီးကို ကော်မရှင် အမှုထမ်းတွေနဲ့ သံရုံးဝန်ထမ်းတွေက ပင်ပန်းခက်ခဲစွာ လုပ်ကိုင်နေရတာ မသင့်တော်သလို မဲဆန္ဒရှင်တွေအနေနဲ့လည်း အလုပ်ပျက် အကိုင်ပျက်နဲ့ ကြိုတင်မဲကို လာရောက်မဲပေးဖို့က လွယ်ကူတာ မဟုတ်ပါဘူး။
ဘန်ကောက်မြို့နားက စမွတ်ဆာခွန် နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား စိုင်းစိုင်းက “အရင်ရွေးကောက်ပွဲတုန်းက ဘန်ကောက် မြန်မာသံရုံးမှာ မဲပေးလို့ရတယ်ဆိုပြီး သွားတန်းစီလိုက်တယ်။ အချိန်တွေ အကြာကြီးပဲ။ နောက် ပေးခွင့်မရတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ စက်ရုံ အလုပ်သမားတွေအနေနဲ့ အလုပ်ပြုတ်သွားနိုင်တယ်လေ။ ဒီ စမွတ်ဆာခွန်မှာ ကျနော်တို့ မြန်မာရွှေ့ပြောင်းလုပ်သား လေးသိန်းလောက်ရှိတဲ့အထဲမှာ ဒီလေးသိန်းလုံး မဲသွားပေးဖို့ ဆိုတာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး”လို့ ပြောပါတယ်။
![]() |
![]() |
|---|
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက တောင်ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံသား ၄,၄၀၀ ကျော် ကြိုတင်မဲပေးခဲ့ကြတာပါ။ ပြည်ပနိုင်ငံတွေထဲမှာ မဲပေးသူ အရေအတွက် ၂၀,၀၀၀ လောက် အထိ အများဆုံး မဲလာပေးခဲ့ကြတဲ့ စင်ကာပူနိုင်ငံမှာတော့ ၂၀၁၅ ရွေးကောက်ပွဲ ကြိုတင်မဲပေးတဲ့ နေ့က မြန်မာနိုင်ငံသားတွေဟာ သံရုံးရှေ့ လမ်းမပေါ်မှာ မဲပေးခွင့်ရဖို့ ညအိပ် စောင့်စားပြီး အားတက်သရော မဲပေးခဲ့ကြတာပါ။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား တချို့ကတော့ ရွေးကောက်ပွဲ ကျင်းပချိန်မှာ မြန်မာနိုင်ငံကို ပြန်ပြီးမဲပေးမယ်လို့ ပြောကြပေမယ့် အများစုကတော့ ကိုယ်နေထိုင် အလုပ်လုပ်ကိုင်တဲ့ နေရာအနီးမှာ မဲရုံတွေ လာရောက်ဖွင့်လှစ်ဖို့ လိုလားပါတယ်။
မဟာချိုင်က ရွှေ့ပြောင်းလုပ်သားတွေကို စာသင်ပေးနေတဲ့ ကျောင်းဆရာ လရောင်စိုးကတော့ “၂၀၂၀ ကျရင်တော့ ဒီမဟာချိုင်မှာ ပေးလို့ ရရင်တော့ ပေးချင်တာပေါ့။ ဒီက မြန်မာအသိုင်းအဝန်းက လူတွေ ဆန္ဒမဲပေးလို့ရအောင် ဒီမဟာချိုင်မှာက ရွှေ့ပြောင်းလုပ်သား အများဆုံး ရှိတယ်။ ဒီမှာ မဲရုံ သတ်မှတ်ပေးဖို့တော့ ကောင်းတယ်လို့တော့ ထင်တာပေါ့နော်။ ပေးချင်ရင် သံရုံးမှာ သွားပေးရတယ် ဆိုတော့။ အဲဒီကို သွားဖို့ဆိုတာ ထိုင်းနိုင်ငံက ရဲတွေ ဘာတွေက တခြားနေရာတွေနဲ့ မတူဘူးလေ။ တအား ပိုက်စိပ်တိုက်ဆိုတော့ မလွယ်ဘူးပေါ့၊ နောက်တခုက လူတွေကလည်း ဒါကို ထဲထဲဝင်ဝင် စိတ်မဝင်စားတာလည်း ရှိမှာပေါ့” လို့ ပြောပါတယ်။
ပြင်ဦးလွင်ကနေ ထိုင်းမှာ မိသားစုလိုက်လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ဒေါ်မိုးမိုးက လည်း “တကယ်လို့ ဒီမှာ မဲပေးလို့ရအောင် အသီးသီးက လုပ်ပေးလို့ရရင်တော့ ကောင်းမယ်။ မဲပေးချင်စိတ် ရှိပါတယ်။ ကျမတို့ မြန်မာပဲ ရှိတာပေါ့”လို့ ပြောပါတယ်။
ရှမ်းပြည်နယ် ဖယ်ခုံကနေ ထိုင်းမှာ အလုပ်လာလုပ်တဲ့ အလုပ်သမတဦးကတော့ ၂၀၂၀ မှာ မဲပေးခွင့်ရရင် မဲပေးချင်ပေမယ့် ထိုင်းမှာ ထည့်ခွင့်မရှိဘူး ဆိုရင်လည်း မဲ မထည့်တော့ဘူးလို့ ပြောပါတယ်။
ပြည်ပရောက် မဲဆန္ဒရှင်တွေရဲ့ ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ် ဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲအစီရင်ခံစာမှာ အကြံပြုထားပါတယ်။
အကြံပြုချက်တွေထဲမှာ မဲဆန္ဒရှင် ၅၀၀ ဦးအထက်ရှိတဲ့ သံရုံးတွေမှာ ကြိုတင်မဲပေးလုပ်ငန်း အဆင်ပြေစေဖို့အတွက် ကော်မရှင်က မဲရုံအဖွဲ့တွေ ဖွဲ့စည်းကာ သွားရောက်ကူညီဆောင်ရွက်ပေးဖို့၊ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စာတိုက်မှတဆင့် မဲဆန္ဒရှင်သို့ ကြိုတင်မဲလက်မှတ်နဲ့ စာအိတ် တိုက်ရိုက်ပေးပို့တဲ့စနစ် ကျင့်သုံးဖို့နဲ့ ကြိုတင်မဲစနစ်ကို ပြင်ဆင်ဖို့ တိုက်တွန်းချက်တွေ ပါဝင်ပါတယ်။
ရွှေ့ပြောင်းလုပ်သား မဲဆန္ဒရှင်တွေ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့အတွက် မဲစာရင်းနဲ့ ပတ်သက်တဲ့ ဥပဒေတခုကို အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်း လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က အကြံပြုပါတယ်။
“မဲပေးဖို့အတွက် မဲပေးလိုသူတွေက သံရုံးတွေကို ဆက်သွယ်လုပ်ဆောင်ရမယ်ဆိုတာ လက်တွေ့မကျပါဘူး။ ပြည်ပက ရွှေ့ပြောင်းလုပ်သားတွေအတွက်ရော ပြည်တွင်းက ရွှေ့ပြောင်းလုပ်သားတွေအတွက်ပါ မဲစာရင်းမှာ ပါအောင် ကော်မရှင်က လုပ်ဆောင်ပေးရမှာပါ။ ဒီအတွက် အရင်ဆုံး လုပ်ဆောင်ရမှာက မဲဆန္ဒရှင်စာရင်း ဥပဒေကို အမြန်ဆုံး ရေးဆွဲပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။ ဥပဒေမလုပ်နိုင်သေးရင်တောင် ညွန်ကြားချက်ထုတ်ပြီး လုပ်ဆောင်သင့်ပါတယ်”
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ချို့ယွင်းအားနည်းချက်တွေကို သင်ခန်းစာယူပြီး ဒီလို အကြံပြုချက်တွေကို လက်ရှိအစိုးရလက်ထက် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေကတော့ ခုချိန်အထိ မကြားသိရသေးပါဘူး၊ မဲဆန္ဒရှင်စာရင်း ဥပဒေကို ရေးဆွဲဖို့လည်း အစီအစဉ်မရှိသေးဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား စတဲ့ နိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့ လက်ရှိအစိုးရရဲ့ စိတ်စေတနာနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာသာ အဓိက မူတည်လို့ နေပါတော့တယ်။
Photo : AFP