Home
မြန်မာသတင်း
စိတ်ကြွမူးယစ်ဆေးပြား ၄ ဒသမ ၈ သန်း  ‘ဝ’ တပ်ဖွဲ့ဖမ်းဆီးရမိ 
နော်နိုရင်း
·
October 9, 2019
‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေး ပါတီ UWSA အနေနဲ့  အခု အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဒီကနေ့အချိန်ထိ စိတ်ကြွမူးယစ်ဆေးပြား ၄ ဒသမ ၈သန်းဖမ်းဆီးရမိကြောင်း UWSA တပ်ဖွဲ့ ပြင်ပဆက်ဆံရေးဌာနတာဝန်ခံ ဦးညီရမ်းက ဒီဗွီဘီကို ပြောပါတယ်။ “အောက်တိုဘာလကတော့ ၁ ရက်နေ့တုန်းက အလောင်း ၈ လောင်းရယ်၊ အရှင် ၂ ယောက် ပြီးတော့ မူးယစ်ဆေးပြား  ၁၈ သိန်း၊ အောက်တိုဘာ ၂ ရက်ကတော့ မူးယစ်ဆေးပြား သိန်း ၃၀ ပေါ့နော်။ အလောင်း ၆ လောင်းနဲ့ အရှင် ၄ ယောက်ဖမ်းမိထားတယ်ပေါနော်။ အားလုံးပေါင်း မူးယစ်ဆေးပြား ၄.၈ သန်းပေါ့ လောလောဆယ်ဖမ်းမိထားတယ်ပေါ့။ ” ဒါ့အပြင် အောက်တိုဘာလ ၆ ရက်နေ့ကလည်း  ရှမ်းပြည်တောင်ပိုင်း၊ ဝမ်ဟုန်မြို့နယ် ပါဝုန်ခါကျေးရွားအနီးမှာ ဘိန်းဖြူ ၂၁ ဒသမ ၅ ကီလိုဂရမ်၊ ဘိန်းစိမ်း ၃ ကီလိုဂရမ်ခန့် သိမ်းဆည်း ရမိခဲ့တယ်လို့ ပြောပါတယ်။  ‘ဝ’ ပြည်နယ်တောင်ပိုင်း ဝ တပ်ဖွဲ့တပ်ရင်း ၅၀၇က ကင်းလှည့်နေချိန် ပါဝုန်ခါရွာ​အနီး ရောက်ရှိချိန်မှာ မသင်္ကာ​ဖွယ်တွေ့ရှိတာကြောင့် ပိတ်ဆို့ရှာဖွေရာမှာ အခုလို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။ အောက်တိုဘာ  ၁ ရက်ကလည်း ထိုင်း- မြန်မာနယ်စပ် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စိတ်ကြွမူးယစ်ဆေးပြား ၁၈ သိန်းလောက် ဖမ်းဆီးရမိခဲ့ပြီး  ‘ဝ’ ပြည်တောင်ပိုင်း ၁၇၁ စစ်ဒေသနယ်မြေကိုဖြတ်သန်းကာ ထိုင်းနိုင်ငံကို မူးယစ်ဆေး ပို့ဆောင်မယ့်သတင်းအရ ဟွေအော မြို့နယ် နမ့်ယွန်းကျေးရွာအနီးမှာ ကင်းလှည့်အဖွဲ့က မူးယစ်သယ်ဆောင်သူတွေကို တွေ့ရှိပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့ကလည်း  မူးယစ်​မှောင်ခိုဂိုဏ်းဘက်က အလောင်း ၆ ​လောင်း၊ အရှင် ဖမ်းမိသူတယောက်၊WY စိတ်ကြွ​ဆေးပြားသိန်း ၃၀ ခန့်၊ M-16(ကျည်ဆန် ၄၀) တလက်၊ ဗုံးသီး ၂လုံး၊ တူမီး​သေနတ် ၃ လက်နဲ့ M-20 ပစ္စတို ၁ လက်တို့ကို ထပ်မံဖမ်းဆီးရမိ​ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ အခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က UWSA ဝတပ်ဖွဲ့က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး မှောင်ခို သယ်ဆောင်သူ ၁၃ ဦးအပါအဝင် လက်နက်တွေ၊ မူးယစ်ဆေးတွေနဲ့အတူ မြန်မာ့တပ်မတော်ထံ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024