သိန္နီမြို့တွင် တပ်မတော်ယာဉ်တန်းကို ပလောင်တပ်ဖွဲ့တိုက်ခိုက် ၂ ဦး ကျဆုံး
နန်းမြနဒီ
·
October 9, 2019
ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့ပေါ်မှာ ဒီမနက်စောစောက တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့က မြို့တွင်းသို့ဝင်ရောက်တဲ့ မြန်မာ့တပ်မတော်ယာဉ်တန်းကို တိုက်ခိုက်တာကြောင့် တပ်မတော်သားတချို့ ကျဆုံးဒဏ်ရာရခဲ့သလို ပြည်သူတွေလည်း ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။
မနက် ၆ နာရီကျော်လောက်က သိန္နီမြို့လမ်းမကြီးပေါ်မှာ ပစ်ခတ်သံ တွေကြားရတာ ကြောင့် အိမ်ထဲကအိမ်ပြင်ဘယ်သူမှမထွက်ရဲဘဲ ပုန်းနေရကြောင်း၊ ပစ်ခတ်သံတွေ ငြိမ်သွားလို့ ဌာနဆိုင်ရာ တွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ တပ်မတော်သား ၂ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရသလို ပြည်သူ ၇ ဦး ဒဏ်ရာရသွားတယ်လို့ သိန္နီမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်းက ဒီဗွီဘီကို ပြောပါတယ်။
“မနက် ၆ နာရီခွဲလောက်မှာ မင်းလမ်းမကြီးဘက်ကနေ ပစ်ခတ်သံတွေ စပြီးကြားရတယ်။ အသံကတော်တော်ကျယ်တော့ အိမ်သားတွေက ခုတင်အောက်တွေမှာ ဝင်ပုန်းနေရတယ်။ မနက် ၇ နာရီကျော်လောက်မှာ ပစ်ခတ်သံတွေ ငြိမ်သွားတယ်။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ သွားစစ်ဆေး တော့ တပ်မ ၈၈ အစိုးရတပ်ယာဉ်တန်း မြို့ထဲဝင်လာတာကို တီအန်အယ်အေတပ်ဘက်က ဝင်ပစ်ရာက နှစ်ဘက်အပြန် အလှန်ပစ်ခတ်တယ်လို့ သိရတယ်။”
လက်နက်ထိမှန်ဒဏ်ရာရသူတွေမှာ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၂ ထဲကဖြစ်ပြီး အဲဒီထဲမှာ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဌာနက အမျိုးသမီးဝန်ထမ်း ၁ ဦး ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။
တီအန်အယ်လ်အေတပ်ဖွဲ့ကတော့ ဘုရားကုန်းဘက်ထွက်ပြေးသွားပြီး တပ်မတော်က အနောက်ကနေ လိုက်လံရှင်းလင်းနေပါတယ်။
လတ်တလော မြို့ပေါ်မှာ တိုက်ခိုက်မှုတွေမရှိတော့ဘဲ ငြိမ်သွားပေမယ့် ကားလမ်းတွေကို ယာယီ ပိတ်ထားပြီး ဈေးနဲ့ စာသင်ကျောင်းတွေလည်း ပိတ်ထားကြောင်း၊ ကလေးတွေ စာမေးပွဲ နောက်ဆုံးရက်ကိုလည်း ရက်ရွှေ့လိုက်ရပါတယ်။
သိန္နီမြို့ထဲ ဝင်ရောက်ပစ်ခတ်ရတာနဲ့ပတ်သက်ပြီး တီအန်အယ်လ်အေကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းရာမှ ပြောခွင့်ရပုဂ္ဂိုလ် မအားလပ်သေးကြောင်း တီအန်အယ်လ်အေ ပြန်ကြားရေးရုံး ဝန်ထမ်းက ပြောပါတယ်။