ကျောက်တန်း ကျေးရွာတိုက်ပွဲတွင် အရပ်သား ၂ ဦးသေဆုံး
DVB
·
October 9, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာအနီး တပ်မတော်နဲ့ အေအေတို့ အောက်တိုဘာလ ၈ ရက်ကနေ ဒီနေ့အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး အရပ်သား ၂ ဦးသေဆုံးသွားပါတယ်။
တိုက်ပွဲအတွင်း ကျောက်တန်းရွာမှ မသန်မစွမ်း လူငယ်တဦး လက်နက်ကြီး ကျည်ကျသေဆုံးခဲ့ရပြီး ရောဂါသည် အဘွားအိုတဦးလည်း ကြောက်လန့်သေဆုံးခဲ့တယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောပါတယ်။
“တိုက်ပွဲက ဒီနေ့မနက်ဆက်ဖြစ်နေတယ်လို့ သိရတယ်။ မနေ့ကလည်း တနေကုန်ဖြစ်တယ်။ ညကလည်း ဖြစ်တယ်။ ကျောက်တန်းကျေးရွာ အခြေအနေအလွန်ဆိုးနေတယ်လို့ သိရတယ်။ တိုက်ပွဲက ရွာထဲမှာတောင်ဖြစ်နေပြီလို့ သိရတယ်။ မနေ့က သက်ကြီးရွယ်အိုတဦး ကြောက်လန့် သေဆုံးတယ်။ နောက် မသန်စွမ်းလူငယ်တဦး လက်နက်ကြီးကျည်ကျပြီး ခန္ဓာကိုယ်တစစီဖြစ်ပြီး သေဆုံးသွားတယ်လို့ သိရတယ်။ ဒီအလောင်းတွေကို သယ်ယူနိုင်ဖို့ အခုအချိန်မှာ ဖြစ်နိုင်မယ်မထင်ဘူး တိုက်ပွဲကပြင်း ထန်နေတယ်။ နိုင်ငံတကာကြက်ခြေနီကိုလည်း အကြောင်း ကြားထားတယ်"
သေဆုံးသွားသူတွေကတော့ အသက် ၇၂ နှစ်အရွယ် အဘွား ဒေါ်စံဝင်းဖြူနဲ့ အသက် ၂၇ နှစ်အရွယ် ကိုအောင်နိုင်တို့ ဖြစ်ကြပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ပြောခွင့်ရ ဗိုလ်မှူးကြီးဝင််းဇော်ဦးကတော့ တိုက်ပွဲ ဖြစ်ပွားတာ မရှိဘူးလို့ပြောပါတယ်။
"ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာမရှိဘူးဗျ။ အေအေက ရွာထဲဝင်ပြီး ရွာသားတွေကို ပစ်နေတယ်လို့ကြားတယ်ဗျ။ ကျောက်တန်းရွာသားတွေ သတင်းပေးတယ်ဆိုပြီးတော့ ပစ်ခတ်တာတွေ ရှိတယ်လို့ သိရတယ်။ သေတာကလည်း အေအေ ပစ်လို့သေတာပဲ ဖြစ်ပါလိမ့်မယ်”လို့ ပြောပါတယ်။
ကျောက်တန်းကျေးရွာသူ တဦးကတော့" ကျောက်တန်းကျေးရွာကို တပ်မတော်က အကာအကွယ်ယူထားတာပါ။ တိုက်ပွဲက မနေ့က ၄ ကြိမ်လောက်ဖြစ်တယ်။ ဒီနေ့ မနက် ၆ နာရီကနေ အခု ၁၀ နာရီကျော်ထိဖြစ်တုန်းပါ ကျောက်တန်းကျေးရွာမှာ အေအေရှိလား။ တပ်မတော် သားတွေရှိလား ဆိုတာ လာကြည့်လို့ရပါတယ်"ပြောပါတယ်။
ကျောက်တန်းရွာ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အေအေလက်နက်ကိုင်အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခကို ဖုန်းအကြိမ်ကြိမ် ခေါ်ဆို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။
ကောင်းကောင်း