ဆီးရီးယားမှ အမေရိကန်တပ်များ စတင်ဆုတ်ခွာပြီး တူရကီထိုးစစ် လမ်းဖွင့်ပေး

အမေရိကန်တပ်တွေဟာ အောက်တိုဘာ ၇ ရက်နေ့မှာ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းကနေ စတင်တပ်ဆုတ်နေပြီး ဆီးရီးယားနိုင်ငံတွင်း တူရကီရဲ့ ထိုးစစ်ဆင်မှုကို  လမ်းဖွင့်ပေးလိုက်ပါတယ်။  ဆီးရီးယားနိုင်ငံ တဲလ်အက်ဘ်ယာဒ်မြို့နဲ့ ရာစ်အယ်လ်ယန်မြို့ကြားက အခြေစိုက်စခန်းကနေ အမေရိကန်တပ်တွေ ဆုတ်ခွာနေပြီလို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆီးရီးယားမှာ တပ်တွေ ပြန်ရုပ်ပြီး တူရကီရဲ့ စစ်ဆင်ရေးကို လမ်းဖွင့်ပေးလိုက်ပေမယ့် စစ်ဆင်ရေး လွန်လွန်ကျူးကျူးလုပ်ရင် တူရကီရဲ့ စီးပွားရေးကို ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အမေရိကန်တပ်တွေ ဆုတ်ခွာသွားပေမယ့် အိုင်အက်စ်နှိမ်နင်းရေးမှာ အမေရိကန်နဲ့ ကာလရှည် လက်တွဲခဲ့တဲ့ ကာဒ့်လူမျိုးစု တပ်ဖွဲ့တွေကတော့ ဆီးရီးယားမှာပဲ ကျန်ခဲ့မှာပါ။ တူရကီကတော့ ကာဒ့်တွေကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားပြီး ဆီးရီးယားကနေ တိုက်ထုတ်ဖို့ ရည်ရွယ်ထားပါတယ်။ ဆီးရီးယား အရှေ့မြောက်ပိုင်း စစ်ဆင်ရေးမှာ တူရကီရဲ့ အဓိကရည်ရွယ်ချက် နှစ်ခု ရှိပါတယ်။ တခုက ကာဒ့်လူမျိုးစုတွေ ဦးဆောင်တဲ့ တပ်ဖွဲ့တွေကို တိုက်ထုတ်ဖို့နဲ့ နောက်တခုတော့ လက်ရှိတူရကီနိုင်ငံက လက်ခံထားရတဲ့ ဆီးရီးယား ဒုက္ခသည် နှစ်သန်းကို ပြန်လည်နေရာချထားဖို့ ဆီးရီးယားထဲမှာ နေရာတခု ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ အမေရိကန်တပ်တွေ စတင်ဆုတ်ခွာတဲ့ တနင်္လာနေ့ ညနေပိုင်းမှာပဲ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ဟာဆာခီဟ်မြို့မှာ တူရကီက စစ်ဆင်ရေး စတင်ခဲ့ပါတယ်။ ကာဒ့်လူမျိုးတွေ ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဦး (SDF) အဖွဲ့ကတော့ အမေရိကန်ရဲ့ အခုလုပ်ရပ်ဟာ နောက်ကျောကို ဓားနဲ့ထိုးတာပဲလို့ ပြောပါတယ်။ SDF အဖွဲ့ဟာ အမေရိကန် ဦးဆောင်တဲ့ အိုင်အက်စ် နှိမ်နင်းရေးမှာ ကူညီတိုက်ခိုက်ခဲ့ပြီး ဆီးရီးယား မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေကို ထိန်းချုပ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up