တောင်ကြီးမြို့တွင် ဓာတ်ဆီဆိုင် မီးလောင်၊ လူ ၁ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
October 8, 2019
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပြင်ဘက်မှာ ဒီနေ့ မနက်က ဓာတ်ဆီဆိုင်တဆိုင်မှာ မီးလောင်မှု ဖြစ်ပွားပြီး လူ ၁ ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရသွားပါတယ်။
အဆိုပါဓာတ်ဆီဆိုင်မှာ တောင်ကြီးမြို့မှ ဟိုပုန်းမြို့ဘက်အထွက် သစ်တောဂိတ်အနီးရှိ တီဘီဂျီ ဆိုင်ဖြစ်ပြီး ဒီမနက် ၉ နာရီခွဲလောက်က ဆီလာ၀ယ်သူ တဦးကို ဆီဖြည့်ပေးနေစဉ် အခန့်မသင့်လို့ မီးထတောက်တာဖြစ်တယ်လို့ ဆီဆိုင်တာ၀န်ရှိသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဆီထည့်တဲ့အခါမှာ ပီပါပုံးထဲက မီးထွက်လာတယ်။ အခန့်မသင့်တော့လည်း ဖြစ်တာဘဲ။ အကြာကြီးတော့ မလောင်ပါဘူးခင်ဗျ၊ မိနစ်ပိုင်းလောက်ပါပဲ၊၊ ကျနော်တို့ အသင့်ရှိတဲ့ မီးသတ်ဘူးတွေနဲ့ ၀ိုင်းငြှိမ်းလိုက်ပါတယ်။ မီးသတ်ဌာနကိုတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အကြောင်းကြား လိုက်ပါတယ်။ မီးသတ်ကားတွေလာတော့ ရေတောင်မဖျန်းလိုက်ရပါဘူး ငြိမ်းသွားပါပြီ၊ ဆုံးရှုံးမှုကြီးကြီးမားမားမရှိဘူး။”
ဓာတ်ဆီမီးထတောက်မှုကြောင့် ဆီထည့်တဲ့ ဆိုင်၀န်ထမ်း တဦး ဆီအပူလောင်သွားခဲ့ကြောင်း၊ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆီထည့်သူ၀န်ထမ်းအား မီးလောင်မှု ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ တောင်ကြီးရဲတပ်ဖွဲ့ တာ၀န်ကျ၀န်ထမ်းက ပြောပါတယ်။