Home
မြန်မာသတင်း
အရည်အသွေး ညံ့ဖျင်းသည့် အဆောက်အအုံများကိုတင်ပြရန် မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ညွန်ကြား 
ပိုင်စိုး
·
October 8, 2019
72066028_2430854793833308_2593016209230266368_o
မကွေးတိုင်းရန်ပုံငွေ ဘတ်ဂျက်နဲ့တည်ဆောက်နေတဲ့ အဆောက်အအုံ လမ်းတံတားတွေမှာ အရည်အသွေး ညံ့ဖျင်းတာတွေပါနေလို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စိစစ်ပြီး လွှတ်တော်ကိုတင်ပြကြဖို့ မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌက အကြောင်းကြားထားပါတယ်။ မြို့နယ်တွေမှာ ဌာန၊ အဖွဲ့အစည်းအလိုက် တိုင်းရဲ့ ခွင့်ပြုဘဏ္ဍာငွေနဲ့ တည်ဆောက်နေတဲ့ စာသင်ကျောင်း၊ ဆေးရုံ၊ ဝန်ထမ်းအိမ်ရာ စတဲ့ အဆောက်အအုံတွေဆောက်နေတာမှာ တချို့ ကုမ္ပဏီတွေ အနေနဲ့ တည်ဆောက်တာ အရည်အသွေးညံ့ဖျင်းနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ထဲမှာ ဆောက်ခဲ့တဲ့အဆောက်အအုံတွေနဲ့ ပတ်သက်လို့ ကုမ္ပဏီတခုချင်းအလိုက် ကောင်း၊ သင့်၊ ညံ့ အမျိုးအစားခွဲခြားတင်ပြရမယ်လို့ ဆိုပါတယ်။ ကံမမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက “ကျနော်တို့ကတော့ အရင်ကတည်းကပဲ စစ်ဆေးထားတာတွေ ရှိပါတယ်။ ကျနော်တို့ချည်း စစ်ဆေး တင်ပြရမှာ မဟုတ်ပါဘူး။ မြို့နယ် စီကော် (စီမံခန့်ခွဲရေးကော်မတီ) ရယ်၊ တိုင်းအစိုးရကခန့်ထားတဲ့ QC (အရည်အသွေးစစ်အဖွဲ့)တွေရဲ့ သဘောထားမှတ်ချက်တွေလည်း တောင်းခံပြီး ပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ပြီးစီးတဲ့ရာခိုင်နှုန်းကိုလည်း ခွဲခြားစိစစ်ပြီး နိုဝင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား တင်ပြရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌရဲ့ စာမှာ ဖော်ပြထားပါတယ်။  ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ ဆောမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ က ကိုယ်စားလှယ် ဦးကျော်မြင့်က ဆောမြို့နယ် ပန်းဆန်-တေး-စံလမ်း၊ လက်ပန်း-ကွမ်းခင်းလမ်း၊ အနိမ့်ရွာအဝင်လမ်းတို့ဟာ သတ်မှတ်ချိန်မှာ မပြီးတဲ့အပြင် အရည်အသွေးညံ့ဖျင်းနေတာကို ဘယ်လိုလုပ်မလဲလို့ မေးမြန်းခဲ့ပါသေးတယ်။ ဒီအပေါ်မှာ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက ဒီလမ်း ၃ လမ်းဖောက်တာနဲ့  တံတားတည်ဆောက်တဲ့ လုပ်ငန်း ၃ ခုတို့ကို ဆောမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနကို ဆောင်ရွက်ဖို့ ခွဲဝေပေးထားခဲ့ပြီး အချိန်မီ မပြီးခဲ့တာကြောင့် ကျန်တဲ့ လုပ်ငန်းတွေကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ အရည်အသွေးပြည့်မီပြီး အမြန်ဆုံးပြီးအောင်လုပ်ဖို့ ညွှန်ကြားထားသလို ကျန်နေတဲ့ ငွေကြေးတွေကိုလည်း အပြေအလည် အကြေပေးချေသွားမယ်လို့ ဖြေခဲ့ပါတယ်။ ကံမမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက “အရည်အသွေးမမီတာတွေက ရှိတယ်ဗျ။ ဒီလိုမျိုး စစ်တာက အရင်ဘဏ္ဍာနှစ်ကလည်း လွှတ်တော်က စာထုတ်ညွှန်ကြားပြီး လုပ်ခဲ့ဖူးတယ်။ ဒီမှာ တင်ပြတဲ့ သုံးသပ်ချက်တွေကြောင့် အရည်အသွေးမမီတဲ့ကုမ္ပဏီတွေကို နောက်တခါ တင်ဒါ မပေးတာမျိုး လုပ်ခဲ့တယ်” လို့ ပြောပါတယ်။ တင်ဒါအောင်ကုမ္ပဏီတွေအနေနဲ့ စာချုပ်ပါအတိုင်း ပြီးစီးဖို့ သတ်မှတ်ရက်ထက်ကျော်လွန် နေရင် ကျော်လွန်တဲ့ တရက်အတွက် ကျန်တဲ့ လုပ်ငန်းတန်ဖိုးရဲ့ ၁ ဒသမ ၀၁ ရာခိုင်နှုန်းကို နောက်ကျ ဒဏ်ကြေးအဖြစ် ပေးလျော်ရမယ်လို့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက အောက်တိုဘာ ၁ ရက်နေ့က မကွေးတိုင်း လွှတ်တော်အစည်းအဝေးမှာ ဖြေကြားထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက “ကျနော်တို့က ကွင်းဆင်းဆောင်ရွက်မယ်။ သဘောထား မှတ်ချက်ပေးမယ်လောက်ပဲ ရှိပါတယ်။ အကောင်အထည်ဖော်တာက သက်ဆိုင်ရာ ဦးစီးဌာနတွေပါ။ ကျနော်တို့က ပြည်သူတွေကြားမှာနေပြီး ပြည်သူ့ဆီက အသံတွေကို တင်ပြကြတာပါ။ ဒါကြောင့် ကျနော်တို့တင်ပြတာတွေကို အစိုးရက ပြည်သူ့ရဲ့ စစ်မှန်တဲ့ အသံတွေအဖြစ်မှတ်ယူပြီး လိုက်နာ ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက သမ္မတအထူး သီးသန့် ရန်ပုံငွေနဲ့ ဆောက်ရွက်ပြီးစီးခဲ့တဲ့ မင်းဘူးမြို့ရေပေးရေး စီမံကိန်းမှာ ပြန်ပြီး ပြင်ဆင်ဖို့လိုနေတာ၊ လုပ်ငန်းတွေအချိန်မီ မပြီးတာတွေ အတွက် ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီ ၃ ခုဆီကနေ သိန်းပေါင်း ၁၃၀၀ ကျော် ဒဏ်ကြေးရခဲ့တယ်လို့ လွှတ်တော်မှာ ပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024