ကျောက်မဲခရိုင်တွင် လက်ဖက်ခူးရွာသား ၂ ဦးမိုင်းထိမှန်၊ ၁ ဦးသေဆုံး
နန်းမြနဒီ
·
October 8, 2019
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ထဲမှာ ဒီနေ့မနက်က ရွာသား ၂ ဦး လက်ဖက်ခင်းသွားစဉ် မိုင်းထိမိပြီး ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားပါတယ်။
အဆိုပါရွာသား ၂ ဦးဟာ မိုင်းလုံမြို့နယ်။ ပန်ဆန်ကျေးရွာအုပ်စု။ တောင်ပို့လို့ရွာကဖြစ်ပြီး ဒီမနက် ၁၀ နာရီလောက်က တောင်ပို့လို့ရွာနဲ့ ပန်ဆန်ကျေးရွာကြားရှိ လက်ဖက်ခင်းထဲ မိုင်းထိမိတာလို့ ကျောက်မဲ ဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။
“ရွာသား နှစ်ယောက်မိုင်းထိလို့ဆိုပြီး ပန်ဆန်မှာရှိတဲ့ မိတ်ဆွေက ကနေ့မနက် အကူအညီလှမ်းတောင်းပါတယ်ခင်ဗျ။ အခုကျနော်တို့အဖွဲ့က လူနာတွေ သွားသယ်ဖို့ အဲဒီကိုသွားနေပါတယ်။ လူနာကို မမြင်ရသေးလို့ အခြေအနေ အသေးစိပ်ကိုမသိရသေးဘူး။ ၁ ယောက် ပွဲချင်းပြီးသေဆုံးပြီး နောက် တယောက်က ညာဘက်နံရိုးထိသွားတယ်။ အခြေအနေစိုးရိမ်ရတယ်လို့ ပြောတယ်။”
မိုင်းထိသေဆုံးသွားသူမှာ တောင်ပို့လို့ကျေးရွာ ကာလသားခေါင်းဆောင်ဖြစ်သူ အသက် ၄၀ ဝန်းကျင်ရှိ ကိုစိုင်းဆိုသူဖြစ်ကြောင်း၊ ဒဏ်ရာရသူမှာတော့ အသက် ၃၀ ကျော်ရှိ ကိုစိုင်းစံ ဆိုသူဖြစ်ပါ တယ်။
မိုင်းလုံမြို့နယ်မှာ ကျောက်မဲမြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ မိုးကုတ်သွား လမ်းပေါ်မှာရှိပြီး တီအန်အယ်လ်အေ ပလောင်တပ်နဲ့ မြန်မာ့တပ်မတော်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့ဒေသဖြစ်တယ်လို့ ကျောက်မဲဒေသခံတွေက ပြောပါတယ်။
ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့လကလည်း ရွာသားတွေမိုင်းထိမိတာတွေ ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။