မြန်မာ-အမေရိကန်-တရုတ် သုံးပွင့်ဆိုင် ဆက်ဆံရေး

အမေရိကန်သမ္မတ ဘာရတ်အိုဘားမားရဲ့ ၂၀၁၂ နိုဝင်ဘာ ၁၉ ရက်နေ့ မြန်မာပြည်ခရီးစဉ်ကြောင့် အာရှမှာ မဟာဗျူဟာ မြေပုံသစ် ပေါ်ပေါက်လာတော့မယ့် အလားအလာတွေ ရှိနေပါတယ်။ အိုဘားမားဟာ ပထမဆုံး မြန်မာပြည်ကို သွားရောက်တဲ့ အမေရိကန်သမ္မတဖြစ်သလို၊ လွန်ခဲ့တဲ့နှစ်တွေအတွင်း အမေရိကန် - မြန်မာ ဆက်ဆံရေးမှာ တဖြည်းဖြည်း တိုးတက်လာတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဆောင်ပါတယ်။ အမေရိကန် - မြန်မာ ဆက်ဆံရေးတိုးတက်လာတာဟာ အာရှကို ခြေဦးလှည့်လာတဲ့ အမေရိကန်ရဲ့ ပေါ်လစီအောင်မြင်မှု ခြေလှမ်းအစလို့ ဆိုနိုင်ပါတယ်။ အမေရိကန်ပေါ်လစီရဲ့ ရည်ရွယ်ချက်ကတော့ ဒေသတွင်းမှာ တရုတ်ရဲ့ ဩဇာတက်လာတာကို ထိန်းညှိနိုင်ဖို့အတွက် အာရှဒေသမှာ စစ်ရေးနဲ့ သံတမန်ရေးအင်အားတွေ တိုးမြှင့်ဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် အမေရိကန် - မြန်မာ ဆက်ဆံရေးတိုးတက်လာတာဟာ ဒေသတွင်းမှာ အမေရိကန်ရဲ့ ခြေလှမ်းတိုင်းကို သတိနဲ့ စောင့်ကြည့်နေတဲ့ တရုတ်ပြည်ရဲ့ မဟာဗျူဟာမှာ အကြီးအကျယ် ဂယက်ရိုက်လာနိုင်ပါတယ်။ အမေရိကန် - မြန်မာ ဆက်ဆံရေးကို နောက်ကြောင်းပြန်ကောက်ရရင် ၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့အချိန်ကစလို့ နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ယွင်းသွားပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာသိမ်းပြီး တက်လာတဲ့ န၀တစစ်အစိုးရက နှိမ်နင်းခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချခဲ့တာနဲ့ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေဟာ နှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းသွားရတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ခဲ့ပါတယ်။ အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ တုံ့ပြန်ပါတယ်။ မြန်မာပို့ကုန်တွေကို ပိတ်ပင်ခဲ့ပြီး သံတမန်ဆက်ဆံရေးအဆင့်ကိုလည်း လျှော့ချလိုက်ပါတယ်။ ဒီလို အမေရိကန်က စစ်အစိုးရနဲ့ ခွာလိုက်တဲ့အချိန်မှာ မြန်မာ့ရဲ့ အိမ်နီးချင်းတရုတ်ကတော့     အစိုးရနဲ့ ပူးကပ်လာပြီး ဩဇာထူထောင်လာပါတယ်။ ဒီလိုနဲ့ တရုတ်ပြည်ဟာ မြန်မာနဲ့ အဓိက ကုန်သွယ်ဘက် နိုင်ငံဖြစ်လာသလို သံတမန်ရေး၊ ကုန်သွယ်ရေးနဲ့ စစ်ရေးမှာလည်း ပိုပြီး နီးကပ်လာပါတယ်။ ဒီနေရာမှာ နှစ်နိုင်ငံစလုံးအတွက်လည်း မဟာဗျူဟာမြောက် အကျိုးစီးပွားတွေ ရှိပါတယ်။ မြန်မာဘက်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံပိုင်းအတွက် အရင်းနှီးတွေကို တရုတ်က အကူအညီပေးပါတယ်။ ကုလသမဂ္ဂလို နိုင်ငံတကာစင်မြင့်မှာလည်း တရုတ်က မြန်မာအစိုးရကို သံတမန်ရေးအရ အကာအကွယ်ပေးခဲ့ပါတယ်။ စစ်ရေးပိုင်းကို ကြည့်မယ်ဆိုရင် တရုတ်က မြန်မာပြည်ကို ဂျက်တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေနဲ့ စစ်သင်တန်းတွေကို ပေးပါတယ်။ မြန်မာပြည်အတွက် ဒီလို အကျိုးစီးပွားတွေရသလို၊ နယ်မြေပိုင်နက်အငြင်းပွားမှုတွေနဲ့ ဒေသတွင်းမှာ ရန်သူများနေတဲ့ တရုတ်နိုင်ငံအတွက်လည်း မြန်မာပြည်ကို မဟာမိတ်အနေနဲ့ ရလိုက်ပါတယ်။  ပိုပြီးအရေးကြီးတာက တရုတ်ပြည်အတွက် မြန်မာပြည် အနောက်ဘက် ကမ်းခြေဒေသဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ ဆိပ်ကမ်းတွေကို ခြေကုပ်ရသွားတာပါ၊၊ ကိုကိုးကျွန်းမှာ တရုတ်ရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ သတင်းတွေက အမျိုးမျိုး အထွေထွေပါပဲ။ ကျွန်းပေါ်မှာ တရုတ်က ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ပေးပို့တဲ့ ဌာနတခု ရထားတယ်ဆိုတဲ့ သတင်းမျိုးလည်း ရှိပါတယ်။ အိန္ဒိယရေတပ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုတွေ၊ ဒုံးလက်နက်တွေရဲ့ အခြေအနေတွေကို စောင့်ကြည့်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်က မြန်မာနဲ့ စစ်ရေးဆက်ဆံရေးကတော့ နီးကပ်လာပါတယ်။ တရုတ်အနေနဲ့ သူ့နိုင်ငံရဲ့ နောက်ဖေးပေါက်မှာရှိတဲ့ မြန်မာပြည်အပေါ် အိန္ဒိယနိုင်ငံရဲ့ ဩဇာတွေ မလွှမ်းမိုးနိုင်အောင် တားဆီးနိုင်လိုက်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်း ဖွံ့ဖြိုးရေးမှာလည်း တရုတ်က အထောက်အပံ့တွေ ပေးနေပါတယ်။ ကျောက်ဖြူဆိပ်ကမ်းကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို တည်ဆောက်နေတာ ကြောင့် ဒီကိစ္စကလည်း တရုတ်ပြည်အတွက် အရေးကြီးပါတယ်။ ဒီပိုက်လိုင်းပြီးသွားရင် အရှေ့အလယ်ပိုင်းက ရေနံတွေကို မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုတော့ဘဲ တရုတ်ပြည်ကို ပိုက်လိုင်းကနေတဆင့် အရောက်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။ မလက္ကာရေလက်ကြားကို အမေရိကန်က ပိတ်ပစ်လိုက်ရင်  တရုတ်ပြည်ကို ပို့မယ့် ရေနံတင်သင်္ဘောတွေ အခက်တွေ့မှာကို တရုတ်ဘက်က တလျှောက်လုံး စိုးရိမ်နေတာပါ၊။ ဒါကြောင့် မြန်မာပြည်ကုန်တွင်းပိုင်းကနေ တရုတ်ပြည်ကို ဖြတ်ဖောက်မယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ တရုတ်ပြည်အတွက် အရေးကြီးပါတယ်။ အခုတော့ အမေရိကန်နဲ့ မြန်မာတို့အကြားမှာ ဆက်ဆံရေးနီးကပ်လာတဲ့အတွက် ကုန်တွင်းပိုင်း ပိုက်လိုင်းအတွက်လည်း ခြိမ်းခြောက်မှုတရပ် ဖြစ်လာပါတယ်။ မဟာဗျူဟာအရ တရုတ်ဘက် က အထိနာသွားတဲ့ သဘောပါ၊၊ တရုတ်ခေါင်းဆောင်တွေအတွက် နောက်ထပ် စိုးရိမ်စရာကောင်းတဲ့ ကိစ္စတခုကတော့ ဒီနှစ် ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ ရွှေမြွေဟောက် (Cobra Gold)  စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ အမေရိကန်က မြန်မာစစ်တပ်ကို ဖိတ်ကြားလိုက်တဲ့ကိစ္စပါပဲ။ ဒီ  စစ်ရေးလေ့ကျင့်မှုဟာ အာရှမှာ အမေရိကန်ရဲ့ အစီအစဉ်နဲ့ ပြုလုပ်တဲ့ အကြီးဆုံးနဲ့ သက်တမ်းအရှည်ကြာဆုံး စစ်ရေး လေ့ကျင့်မှုဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် စစ်ရေးလေ့ကျင်မှုမှာ ထိုင်း၊ စင်ကာပူနဲ့ ဂျပန်တပ်မတော်တို့လို ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်တွေ ပါဝင်ဖို့ ရှိပါတယ်။ ဒီလို စစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ်လည်း ပါဝင်လာတော့မှာဖြစ်လို့ နဂိုကတည်းက အမေရိကန်က ပတ်ချာဝိုင်းမှာကို စိုးရိမ်နေတဲ့ တရုတ်အစိုးရအတွက်ကတော့ နယ်စပ်လုံခြုံရေးအတွက် စိတ်မချရတော့မယ့် အနေအထားမျိုး ဖြစ်သွားပါတယ်။ လောလောဆယ်မှာ အမေရိကန်စစ်တပ်နဲ့ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းနဲ့ ဩစတြေးလျတို့သာမက မဟာမိတ်သစ် ဗီယက်နမ်နဲ့ အိန္ဒိယ စစ်တပ်တို့ အကြားမှာ ဆက်ဆံရေးကောင်းနေတာကို တရုတ်က စိတ်မချဖြစ်နေတဲ့ အခြေအနေမျိုးမှာ တချိန်က တရုတ်ရဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ပါ အမေရိကန်က စစ်တပ်အချင်းချင်း ဆက်ဆံရေးထူထောင် လာပြန်တဲ့အတွက် တရုတ်ခေါင်းဆောင်တွေနဲ့ စစ်ဗျူဟာ ရေးဆွဲသူတွေအတွက် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်လာပါတယ်။ အမေရိကန်ဘက်က ကြည့်ရင်တော့ မြန်မာပြည်နဲ့ ဆက်ဆံရေး နီးကပ်လာတဲ့ အတွက် မဟာဗျူဟာအရ အကျိုးကျေးဇူးတွေ များပါတယ်။ အဓိက ကျတဲ့ အချင်းအရာ တခုကတော့ မြန်မာနဲ့ မဟာမိတ် မြောက်ကိုရီးယားနဲ့ တရုတ်တို့ကို ခွဲထုတ်နိုင်လိုက်တာပါ၊ လွန်ခဲ့တဲ့ နှစ် ၂၀ ကို ပြန်ကြည့်ရင် မြောက်ကိုရီးယားက မြန်မာအစိုးရကို လက်နက်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီဆက်ဆံရေးကို အကြောင်းပြုလို့ နျူကလီးယား လက်နက်တွေ အရေးအထိ အမေရိကန်ဘက်က တွေးပူခဲ့ပါတယ်။ ဒါကြောင့် မြန်မာနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်တဲ့အချိန်မှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ မြန်မာအစိုးရကို အမေရိကန်ဘက်က တောင်းဆိုခဲ့ပါတယ်။ တောင်ကိုရီးယားခေါင်းဆောင်တွေနဲ့ မြန်မာခေါင်းဆောင်တွေ တွေ့ဆုံတဲ့အချိန်မှာလည်း ဒီကိစ္စကိုပဲ မြန်မာဘက်က သဘောတူခဲ့ပါတယ်။ မြန်မာဘက်က ဒီလို ဆက်ဆံရေး ဖြတ်တောက်လိုက်ရင် မြောက်ကိုရီးယားရဲ့ လက်နက်ရောင်းလို့ရတဲ့ ၀င်ငွေအပေါ်မှာ ထိခိုက်မယ့်အပြင် ပိုပြီး အထီးကျန်သွားဖို့ ရှိပါတယ်။ မြန်မာပြည်ကို တရုတ်ပြည်အပေါ် အားကိုးနေရတဲ့ စစ်အာဏာရှင်စနစ်ကနေ နိုင်ငံခြားရေးပေါ်လစီအရ ပိုပြီး အမှီအခိုကင်းတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ်ကို ပြောင်းလဲသွားအောင် ဆောင်ရွက်ရင်းနဲ့ တရုတ်ကို ထိုးနှက်နိုင်လို့ အမေရိကန်အတွက် တချက်ခုတ် နှစ်ချက်ပြတ် အမြတ်ရသွားပါတယ်။ တကယ်တမ်းကျတော့ အမေရိကန်နဲ့ မြန်မာတို့ ပြန်လည် ပေါင်းထုပ်ကြတဲ့ဇာတ်လမ်းက အခုမှ အစပဲ ရှိပါသေးတယ်၊ မြန်မာပြည်က ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်တွေမှာ အလားအလာကောင်းတွေ ရှိနေသလို ၂၀၁၀ က စခဲ့တဲ့ တိုးတက်မှုတွေကလည်း အမေရိကန် - မြန်မာ ဆက်ဆံရေး အတွက် အခြေအနေကောင်းတွေကို ဖန်တီးပေးလိုက်ပါတယ်။ နဂိုကတည်းက အာရှမှာ တရုတ်အတွက် မဟာမိတ်နည်းနေတဲ့ အခြေအနေမှာ မြန်မာကို အမေရိကန်က လွှမ်းမိုးဖို့ ကြိုးပမ်းလာပြန်တဲ့အတွက် တရုတ်ပြည်အတွက် မဟာမိတ်တွေ ပါးလျားလာပါတယ်။ ဒီအခြေအနေတွေနဲ့ မရှေးမနှောင်းမှာပဲ တရုတ်နဲ့ အိမ်နီးချင်းတွေကြားထဲမှာ တောင်တရုတ်ပင်လယ်က ကျွန်းစုအတွက် အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ပါသေးတယ်။ ဒီအဖြစ်အပျက်တွေကို ထောက်ရင် အမေရိကန်ရဲ့ အာရှဘက် ခြေဦးလှည့်လာတဲ့ ခရီးမှာ အောင်မြင်မှုတွေ ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ဒေသတွင်းမှာ မာနထောင်လွှားနေတဲ့ တရုတ်ပြည်အတွက်ကတော့ ပိုလို့ ခေါင်းခဲစရာ ဖြစ်လာပါတယ်။ အမေရိကန်-မြန်မာဆက်ဆံရေးမှာ ရွှေလမ်းငွေလမ်းတွေ ဆက်ဖောက်လာတာဟာ အမေရိကန်အတွက်ကတော့ မဟာဗျူဟာအရ အာဏာသိမ်းလိုက်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ တရုတ်ပြည်အတွက်ကျတော့ အပိုင်ကိုင်ထားနိုင်တဲ့ အိမ်နီးချင်းနိုင်ငံကို အမေရိကန်က မိတ်ဆွေအနေနဲ့ ကပ်ပြီး သိမ်းသွင်းသွားတာကြောင့် မဟာဗျူဟာ ရည်မှန်းချက်တွေမှာ အထိနာသွားပါတယ်၊ တနည်းအားဖြင့် မဟာဗျူဟာအရ မလုံခြုံ၊ ၀ိုင်းပတ်ခံထားရပြီလို့ တရုတ်အတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ ဒီအခြေအနေတွေ နောက်ခံမှာ တရုတ်ပြည်အတွက် နောက်ပြန်လှည့်စရာ၊ ရွေးချယ်စရာ သိပ်များများ မရှိတော့ပါဘူး။ တရုတ်ပြည်နယ်စပ်တလျှောက်ကို ကာကွယ်ဖို့၊ အာရှရဲ့ အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်လာဖို့၊ အလယ်အာရှတကြောက ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့၊  တောင်တရုတ်ပင်လယ်နဲ့ ပစိဖိတ်ဒေသ စိုးမိုးရေးအတွက် ရှိသမျှ အရင်းအမြစ်တွေကို အသုံးချရဖို့ပဲ ရှိပါတယ်။ ဒေသတွင်းမှာ အမေရိကန်ရဲ့ ခြေလှမ်းသွက်မှုတိုင်းကိုလည်း တရုတ်ဘက်က သတိကြီးကြီးနဲ့ စောင့်ကြည့်နေမှာ သေချာပါတယ်။ ပြန်ချုပ်ရင် အမေရိကန်ရဲ့ အာရှကိုခြေဦးလှည့်လာတဲ့ ပေါ်လစီဟာ မြန်မာပြည်မှာတော့ သံတမန်ရေးနဲ့ မဟာဗျူဟာအသီးအပွင့်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ အမေရိကန်ရဲ့အဲဒီ အကျိုးအမြတ်အတွက် ပေးဆပ်လိုက်ရသူကတော့ တရုတ်ပြည် ဖြစ်ပါတယ်။ (Vineet Daga  ရေးသည့် Myanmar and the U.S.: The Strategic Implications ဆောင်းပါးကို ဘာသာပြန်ပါသည်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up