အမေရိကန်နှင့် ဗြိတိန် သိပ္ပံပညာရှင် ၃ ဦး ဆေးပညာဆိုင်ရာ နိုဘယ်ဆုရရှိ

အမေရိကန်နိုင်ငံက သိပ္ပံပညာရှင် နှစ်ယောက်နဲ့ ဗြိတိန်နိုင်ငံက သိပ္ပံပညာရှင် တယောက်တို့ ၂၀၁၉ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို အောက်တိုဘာ ၇ ရက်က ရခဲ့ပါတယ်။
အောက်ဆီဂျင်ပမာဏ အတက်အကျရှိပြီး မတည်ငြိမ်တဲ့အချိန်မှာ ဆဲလ်တွေက ဘယ်လို တုံ့ပြန်လဲ ဆိုတာကို သူတို့က ရှာတွေ့ ခဲ့တဲ့အတွက် သွေးအားနည်းရောဂါ အနီးမီးယားနဲ့ ကင်ဆာလို ရောဂါတွေကို တိုက်ဖျက်ဖို့ ဗျူဟာသစ်အတွက် လမ်းကြောင်းပွင့်သွားခဲ့တာပါ။
ဗြိတိန်နိုင်ငံသား ပီတာရတ်ကလစ်ဖှ်နဲ့ အမေရိကန်ဖွား သုတေသနပညာရှင် ဝီလျံ ကေးလင်းနဲ့ ဂရက် ဆေမန်ဇာတို့ဟာ ဒီဆုကို ခွဲယူရမယ်လို့ နိုဘယ်ဆုပေးတဲ့ အဖွဲ့က ပြောပါတယ်။
ဒီနှစ် နိုဘယ်ဆုရှင်တွေရဲ့ တစိတ်တပိုင်း ရှာတွေ့မှုဟာ လူ့အသက်ရဲ့ အရေးပါဆုံး ဖြစ်စဉ်တွေထဲက တခုရဲ့ လုပ်ငန်းစဉ်ကို ဖော်ထုတ်ပြလိုက်တာပဲလို့ ဆွီဒင်နိုင်ငံ ကာရိုလင်စခါ တက္ကသိုလ်ရဲ့ နိုဘယ်ညီလာခံက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
ဒီဆုအတွက် အမေရိကန်ဒေါ်လာ ၉၁၃၀၀၀ ဆုချကြောင်းလည်း ကြေညာပါတယ်။ ဇီဝကမ္မ လုပ်ငန်းစဉ်နဲ့ ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုတွေအပေါ် အောက်ဆီဂျင် ပမာဏက ဘယ်လို သက်ရောက်လဲ ဆိုတာ နားလည်ဖို့ သူတို့ရဲ့ သုတေသနက အခြေခံလည်း ဖြစ်ပါတယ်။ နှစ်တိုင်း နိုဘယ်ဆုတွေ ချီးမြှင့်ရာမှာ ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို အရင်ဆုံး ချီးမြှင့်တာပါ။
သိပ္ပံပညာ၊ ငြိမ်းချမ်းရေးနဲ့ စာပေနယ်ပယ်တွေမှာ စွမ်းစွမ်းတမံ ကြိုးစား ထူးချွန်သူတွေကိုလည်း နိုဘယ်ဆု ပေးပါတယ်။
ဒိုင်းနမိုက်ကို တီထွင်သူနဲ့ စီးပွားရေးသမား အဲလ်ဖရဒ်နိုဘယ်ရဲ့ သေတမ်းစာအရ နိုဘယ်ဆုကို ၁၉၀၁ ခုနှစ်က စတင်ပေးအပ်ခဲ့ပါတယ်။