ရှမ်းပြည်နယ် ဟိုမိန်းမြို့နယ်ခွဲအတွင်းက မယ်အောကျေးရွာအနားမှာ အခြေပြုတဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)နဲ့ မြန်မာ့တပ်မတော်အကြား ဒီကနေ့ တိုက်ပွဲ ၃ ကြိမ် ဖြစ်တယ်လို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ပြောခွင့်ရသူ စိုင်းလောဝ်ဆိုင်းက ပြောပါတယ်။
“မနက် ၇ နာရီကျော်ကျော်လောက်မှာပါ၊ ၂ ကြိမ်ပေါ့။ ကျနော်တို့တပ်နဲ့ အဲတ၀ိုက်မှာရှိတဲ့ ခရ ၅၁၄၊ ၂၈၇ တို့နဲ့ တောထဲ ရင်ဆိုင်တိုက်ပွဲဖြစ်တာပါ။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတိုင်း အစိုးရတပ်ဘက်က မလိုက်နာလို့ ဖြစ်ရတာပါ။ ကျနော်တို့ကို အကြောင်းမကြားဘဲ သူတို့က ကျွံဝင်လာပြီးတော့ ထိုးစစ်ဆင်တဲ့ သဘောမျိုး လာတိုက်ခိုက်တာပါ။”

ဒီသတင်းနဲ့ပတ်သက်လို့ အစိုးရဘက်က ထုတ်ပြောဆိုလေ့မရှိသလို ကာကွယ်ရေး ၀န်ကြီးဌာနကို မေးမြန်းဖို့လည်း မလွယ်ကူပါဘူး။
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ အစိုးရက မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတောင် နိုင်ငံတော်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးနဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်ခဲ့ရာမှာ ကေအိုင်အေအဖွဲ့ကလွဲပြီး ကျန်အဖွဲ့တွေနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိပြီး ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရက ထာဝရငြိမ်းချမ်းရေးရပြီလို့ ပြောနေပါလျက်နဲ့ ဘာကြောင့်တိုက်ပွဲဖြစ်နေသလဲလို့ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ပြောခွင့်ရသူကို မေးမြန်းရာမှာ ထာဝရငြိမ်းချမ်းရေးရပြီလို့ သူတို့မယူဆပါကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရတာသာဖြစ်ကြောင်း ဖြေဆိုပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရထားပေမယ့်လည်း ဒီကနေ့ထိဆို တိုက်ပွဲပေါင်း ၅၀ ထက်မနည်း ဖြစ်နေပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ဘယ်အဖွဲ့နဲ့မှ မစတင်ရသေးကြောင်း ပြောပါတယ်။
“ထာဝရငြိမ်းချမ်းရေးဆိုတာ ကျနော်တို့နားလည်သလောက် နိုင်ငံတွင်းဖြစ်နေတဲ့ နိုင်ငံရေးပြဿနာများ အားလုံးဖြေရှင်းပြီးမှ အေးအတူပူအမျှ ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အမှန်တကယ် ငြိမ်းချမ်းရေးတည်ဆောက်ချင်ရင်တော့ ပထမအဆင့်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့လိုတယ်။ အဲအတိုင်းလိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။”
ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) သာမက အပစ်အခတ်ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)နဲ့လည်း အပစ်အခတ်ရပ် သဘောတူလက်မှတ် ထိုးထားပေမယ့် စာချုပ်မှာသာရှိပြီး တိုက်ပွဲတွေ ဖြစ်နေပါတယ်။
အစိုးရအနေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေကို လုပ်ဆောင်ပေးဖို့ တာဝန်ရှိတယ်လို့ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောပါတယ်။
“အစိုးရအဖွဲ့အစည်းအားလုံး တပ်မတော်အပါအ၀င် ရရှိထားတဲ့ သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်ပေးဖို့နဲ့ အားလုံးအပစ်အခတ်ရပ်စဲရေး ရပြီးနောက်ဆိုရင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးရော၊ အတိုက်အခံအဖွဲ့အစည်းတွေ အားလုံး တောင်းဆိုနေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကို အဘက်ဘက်ကနေ သဘောတူညီချက်ရရှိတဲ့အထိ ဆောင်ရွက်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ ပြောကြားလိုပါတယ်။”
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ဟာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှာ အစိုးရနဲ့ အပစ်အခတ်ရပ် သဘောတူညီချက်ရပြီး ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)က ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်မှာ အစိုးရနဲ့ အပစ်အရပ်သဘောတူညီချက် ရခဲ့ပါတယ်။