မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်နေ

1.7K
မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍမှာ ပြည်တွင်းကရော နိုင်ငံခြားသားပါ ရင်းနှီးမြှုပ်နှံကြတာ အနည်းဆုံးဖြစ်တယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်း အချက်အလက် ယူနစ်ရဲ့ စုစည်းထားတဲ့ အချက်အလက်တွေမှာဖော်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံသားတွေဟာ အိမ်ရာ အဆောက်အအုံ တည်ဆောက်မှုဖွံ့ဖြိုးမှုကဏ္ဍမှာ ကျပ်သန်းပေါင်း ၄၂ သိန်းကျော်နဲ့ အများဆုံးရင်းနှီးမြှုပ်နှံထားပါတယ်။
ပြီးတော့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ကျပ်သန်းပေါင်း ၃၄ သိန်း၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ကျပ်သန်းပေါင်း ၂၈ သိန်း၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းကဏ္ဍမှာ ကျပ်သန်းပေါင်း ၁၉ သိန်း၊ ဆောက်လုပ်ရေးကဏ္ဍမှာ ကျပ်သန်းပေါင်း ၁၀ သန်းကျော် ရင်းနှီးမြှုပ်နှံထားကြပါတယ်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာတော့ အနည်းဆုံးရင်းနှီးမြှုပ်နှံထားပြီး ကျပ်သန်းပေါင်း ၅ သောင်းကျော်ပဲ ရှိပါတယ်။
မြန်မာနိုင်ငံသားတွေဟာ ဆောက်လုပ်ရေးကဏ္ဍရဲ့နောက်မှာ စက်မှုဇုန်တည်ဆောက်ဖွံ့ဖြိုးမှု၊ စွမ်းအင်၊ မွေးမြူရေးနဲ့ ရေထွက်ကုန်၊ သတ္တုတူးဖော်ရေးတို့မှာ ရင်းနှီးမြှုပ်နှံထားတာကို တွေ့ရပါတယ်။
နိုင်ငံခြားသားတွေကတော့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၂၀၀၀ ကျော်နဲ့ အများဆုံးရင်းနှီးမြှပ်နှံထားပြီး စွမ်းအင်ကဏ္ဍမှာ ဒေါ်လာသန်းပေါင်း ၂ သောင်းကျော်၊ ကုန်ထုတ်လုပ်မှုအတွက် ဒေါ်လာသန်းပေါင်း ၁၀၀၀၀ ကျော်၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးမှာ ဒေါ်လာ သန်းပေါင်း ၁၀၀၀၀ ကျော် ရင်းနှီးမြှုပ်နှံထားပါတယ်။
သူတို့က လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ဒေါ်လာသန်းပေါင်း ၄၀၀ ကျော် ရင်းနှီး မြှုပ်နှံထားတာကြောင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုမှာ နည်းပေမယ့် ပြည်တွင်းနဲ့ ယှဉ်ရင်တော့ များနေပါသေးတယ်။
နိုင်ငံခြားသားတွေဟာ မြန်မာနိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံတာများတဲ့ စက်မှုဇုန် တည်ဆောက်ဖွံ့ဖြိုးမှု၊ ဆောက်လုပ်ရေးတို့မှာတော့ ရင်းနှီးမြှုပ်နှံတာ နည်းပါတယ်။
ပြီးတော့ မြန်မာနိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံမှုစာရင်းမှာ တတိယအများဆုံးခေါင်းစဉ်ဖြစ်တဲ့ တခြားကဏ္ဍဆိုတာမှာတော့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံတာဟာ အနိမ့်ဆုံး ၅ ခုမြောက်ပဲ ရှိပါတယ်။
၂၀၁၈- ၁၉ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်နှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၄ဒသမ ၅၂ ဘီလီယံရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။