A d v e r t i s e m e n t With Us

ရခိုင်မှာ ငါးဖမ်းခွင့် လေလံစနစ် ဖယ်ရှား

ဧပြီလမှာစတင်မယ့် လာမယ့် ဘဏ္ဍာရေးနှစ်အတွင်းမှာ ရခိုင်ပြည်နယ်အတွင်း ပင်လယ်နဲ့ မြစ်ချောင်းတွေမှာ ငါးဖမ်းလေလံပစ်ခွင့် မပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း ငါးဖမ်းခွင့်ကို လေလံသမားတွေထံ ခွင့်တောင်းစရာ မလိုတော့ဘဲ ရေလုပ်ငန်းဦးစီးဌာနမှာသာ အခွန်ဆောင်ပြီး ငါးဖမ်းနိုင်ကြတော့မှာ ဖြစ်ပါတယ်။ ၂၀၁၂ ဒီဇင်ဘာ ၁၀ ရက်နေ့ ကနေ ၂၉ ရက်နေ့ထိ ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ်  ဦးလှမောင်သိန်းက ဆုံးဖြတ်ချက်ကို ပြောပြပါတယ်။ “လေလံတွေကို မပစ်ရဘူး။ အစိုးရသစ်ရဲ့ သတ်မှတ်ထားတဲ့ ခရီးတခွင့်မှာပဲ ကောက်ရမယ်ဆိုပြီး အဆိုတခုတင်သွင်းတာမှာ ထောက်ခံတာနဲ့ ဆုံးဖြတ်ချက်ချလိုက်တာ။ ၂၀၁၃-၂၀၁၄ မှာ ငါးသမားတွေလုပ်တာကို လေလံခွင်တွေကို မပစ်ရဘူးဆိုပြီး လွှတ်တော်က ဆုံးဖြတ်လိုက်တယ်လေ။” ၁၉၉၀ ခုနှစ်လောက်စပြီး ရခိုင်ပြည်နယ်တွင်းက ပင်လယ်နဲ့ မြစ်ချောင်းအင်းအိုင်တွေမှာ ငါးဖမ်းလေလံပစ်တာကြောင့် လေလံဈေးတွေကြောင့် တပိုင်တနိုင် ငါးဖမ်းချင်သူတွေဟာ လေလံအောင်သူတွေထံမှာ ငါးဖမ်းခွင့်တောင်းခဲ့ရတာပါ၊ အဲဒီနှစ်တွေအတွင်း အခက်အခဲကို ဦးလှမောင်သိန်းက ခုလို ပြောပြပါတယ်။ “လေလံမှာ လေလံဆွဲသူက ပိုက်တလက်ကို ၄ သောင်း ကောက်ချင်ကောက်တယ်။ ကောက်မရရင် ပိုက်မချရဘူး အဲလိုမျိုးတွေ။ လေလံသာမရှိရင် ကိရိယာခ အစိုးရမှာ ၁၉၈၃ ခုနှစ် ဥပဒေ လေလံ ကျားပါးစပ်တလက်ကို ၇၉၀၀ ပဲရှိတယ်။ ၇၉၀၀ ပေးရရင် သူတို့က ဒီလောက်မနစ်နာဘူး။ သူတို့ကလည်း ၄ သောင်း၊ ၅ သောင်းပေးရတော့ ငါးတွေကို ဈေးများများနဲ့ ရောင်းတော့ ဒေသခံပြည်သူလူထုက စားသုံးသူတွေက အကုန် ဈေးများများနဲ့ ၀ယ်စားရတော့ အကုန် အစဉ်လိုက် အခက်အခဲတွေ တွေ့ရတာပေါ့။” ရသေ့တောင်မြို့ခံတဦးကို မေးကြည့်ရာမှာ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အရင်တုန်းကလို လေလံသမားတွေကို ဈေးပိုပေးစရာမလိုတော့တဲ့အတွက် ရေထွက် ပစ္စည်းတွေရဲ့ဈေးနှုန်းပါ ကျဆင်းလာနိုင်တယ်လို့ ပြောပါတယ်။ “အရင်တုန်းကဆိုရင် ပိုက်သမား၊ လှေသမားတွေ လေလံရသူတွေကို ပေးနေရတယ်။ သူတို့က သတ်မှတ်ဈေးတက် ပိုတောင်းနေတာကိုး။ တချို့မပေးနိုင်ရင် ပိုက်ကို သိမ်းတာကိုး။” ၂၀၁၂ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြည်နယ်လွှတ်တော်မှာ ရခိုင်ပြည်နယ်တလွှား လျှပ်စစ်မီးရရှိရေးကိစ္စကို ဆွေးနွေးခဲ့ကြသလို ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရကို ချပေးတဲ့ဘဏ္ဍာငွေတွေကို  ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖော်ဆောင်ခဲ့တဲ့ စီမံကိန်းတွေကို စစ်ဆေးဖို့ ကော်မတီတရပ်ဖွဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဦးလှမောင်သိန်းက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up