စည်းလုံးညီညွတ်ခြင်း သင်္ကေတ ကယားတို့၏ အဲ့ဒိုပေါ်မီပွဲတော် 

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမငယ်ကျေးရွာက မိတ်ဆွေတယောက်ရဲ့ ဖိတ်ကြားချက်အရ သူတို့ရွာမှာ  ဒီးကူပွဲ လုပ်တယ်၊ လာလည်ပါဦးဆိုတော့ မအားလပ်တဲ့ကြားထဲက သူ့ဆီ ခဏဝင်လည်ဖြစ်ခဲ့တယ်။ တကယ်တော့ ဒီးကူပွဲ ဆိုတာ အများသိတဲ့ ပွဲနာမတခုဖြစ်ပြီး ကယားလူမျိုးတွေကတော့ အဲ့ဒိုပေါ်မီပွဲလို့ သတ်မှတ်ခေါ်ဝေါ်ကျင်းပကြပါတယ်။ ဒီပွဲမှာ ဒီးကူလို့ ခေါ်တဲ့ ကောက်ညှင်းထုပ်ကို အဓိက ကျွေးမွေးဧည့်ခံတာကြောင့် အများစုက ဒီးကူပွဲလို့ သိကြတာပါ။ ဒေါတမငယ်ကျေးရွာက မိတ်ဆွေရဲ့ အိမ်ရောက်ရောက်ချင်းမှာပဲ သူတို့အိမ်က အသင့်ပြင်ထားတဲ့ စားပွဲဝိုင်းမှာ လာဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒီစားပွဲဝိုင်းမှာတော့ ဒီးကူ (ကောက်ညင်းထုပ်) ရယ်၊ ခေါင်ရည်ရယ်၊ ခေါက်ဆွဲကြော်နဲ့ ပဲခြမ်းသုပ်၊ ရေနွေးကြမ်း စသဖြင့် အသင့်ပြင်ထားတဲ့ စားစရာတွေနဲ့ ဧည့်ခံကျွေးမွေးပါတယ်။ ဒါတင်မကပါဘူး။ သူတို့ မီးဖိုဆောင်မှာလည်း ဝက်သားမျှစ်ချဉ်နဲ့ ချက်ထားတဲ့ ဟင်းရယ်၊ ကယားထောင်းလို့ ခေါ်တဲ့ ငရုတ်သီးထောင်းတမျိုးနဲ့ တည်ခင်းပြီး ထမင်းစားဖို့ ခေါ်ပါတယ်။ ဝက်သားမျှစ်ချဉ်ကိုမှ မက်ခါသီး၊ ငရုတ်သီးလေးနဲ့ ထည့်ချက်ထားတော့ စားရတာ အရသာက ထူးခြားနေပါတယ်။ အိမ်ရှင်မိသားစုကတော့ သူတို့ဆွေမျိုး၊ မိတ်ဆွေတွေခေါ်ပြီး ဒီလို ဧည့်ခံကျွေးမွေးတာ သူတို့ရဲ့ ကယားရိုးရာ ဒီးကူပွဲပဲလို့ ရှင်းပြပါတယ်။ သူတို့ရွာအနေနဲ့ ပွဲမလုပ်ခင်မှာ ကြက်ရိုးအရင်ထိုးပြီး ဘယ်ရက် လုပ်သင့်လဲဆိုတာ ကြက်ရိုးအပေါ် မူတည်ပြီး ရက်သတ်မှတ်ပါတယ်။ အဲဒီသတ်မှတ်တဲ့ရက်မှာပဲ တရွာလုံးက ဒီးကူပွဲကို လုပ်ကြရပါတယ်။ ကယားလူမျိုး ရိုးရာနတ်ကိုးကွယ်သူတွေ၊ ဗုဒ္ဓဘာသာဝင်တွေအပြင် ခရစ်ယာန်ဘာသာဝင်တချို့ လည်း အဲဒီလို ဒီးကူပွဲကို အတူတကွ ကျင်းပကြပါတယ်။ ဒီးကူပွဲ ကျင်းပတဲ့ရက်မှာ ဆိုရင် တရွာလုံးက အိမ်တွေမှာ ဒီးကူ(ကောက်ညှင်းထုပ်)၊၊ ခေါင်ရည်နဲ့ ထမင်းဟင်လျာတွေနဲ့ လာရောက်တဲ့ ဧည့်သည်တိုင်းကို တည်ခင်းဧည့်ခံပါတယ်။ သိသူ ဖြစ်စေ၊ မသိသူ ဖြစ်စေ အိမ်ကို ရောက်လာတဲ့ ဧည့်သည်အားလုံးကို ဧည့်ခံကျွေးမွေးကြပါတယ်။ ဒါပေမဲ့ အိမ်ရှင်ကိုယ်တိုင်က ဖိတ်တယ်ဆိုရင်တော့ အဲဒီဖိတ်ထားတဲ့ ဧည့်သည်လာပြီး အပြန်မှာ ဒီးကူ(ကောက်ညှင်း)ထုပ်ကို  အိမ်ပြန်လက်ဆောင် ထည့်ပေးလေ့ရှိတယ်လို့ အိမ်ရှင်က ရှင်းပြပါတယ်။ ဒါတင်မကပါဘူး။ ဒီးကူပွဲကို ပြုလုပ်ပြီဆိုရင် အရပ်နီးရပ်ဝေးက ဆွေမျိုးတွေစုံအောင် ခေါ်ပြီး ဒီနေ့ ငါတို့ ဒီပွဲကျင်းပမယ် လာကြဖို့ ဖိတ်ရပါတယ်။ ရောက်လာတဲ့ ရပ်နီးရပ်ဝေးက ဆွေမျိုးတွေကိုလည်း အိမ်ပြန်လက်ဆောင်အဖြစ် ဒီးကူနဲ့ အိမ်မှာချက်တဲ့ အသားတမျိုးမျိုးတို့ရဲ့ အသားကို ခွဲဝေပေးလိုက်ကြလေ့ ရှိပါတယ်။ ဒီးကူပွဲ ကျင်းပတဲ့ မနက်အစောပိုင်းမှာဆိုရင် ကြက်တကောင်ကို သတ်ကာ ကြက်သွေးနဲ့ ခုတ်ပြီးသား ဝါးတလုံးကို သုတ်ပြီး ဝါးလုံးထဲ ခေါင်ရည်တွေ ထည့်ပြီး ဒီးကူနဲ့ တွဲနတ်တင်ပြီးမှ ကျန်တဲ့ ဒီးကူနဲ့ အစားအစာတွေကို လူတွေကို ဧည့်ခံကျွးမွေးလေ့ရှိတယ်လို့ ဒေါတမငယ်ရွာက ကယားလူကြီးတယောက်က ပြောပါတယ်။ “ကျနော်တို့ ရိုးရာအတွက် ဝါးတလုံးကို ခုတ်တယ်၊ ခုတ်ပြီးမှ ကြက်သွေးနဲ့ တို့ပေးတယ်။ ကြက်ခေါင်းမွေးနဲ့ လုပ်ပေးတယ်။ နောက်ပြီး ခေါင်ရည်ထည့်ပေးတယ်။ ဒီးကူနဲ့ ချိတ်ပေးတယ်။ ” ဒီလိုလုပ်ခြင်းအားဖြင့် မိသားစုဝင်တွေ ကျန်းမာရေး ကောင်းမွန်မယ်၊ ရပ်ရွာအေးချမ်းပြီး ဆန်ရေစပါး အထွက်တိုးမယ်၊ မကောင်းဆိုးဝါးအားလုံးကို ကာကွယ်ပေးမယ်လို့ ယုံကြည်ကြပါတယ်။ ဒီလို ဒီးကူပွဲကို ကျေးရွာအလိုက်အပြင်၊ နယ်အလိုက်၊ မြို့နယ်အလိုက် စသဖြင့် နယ်အပေါ်မှာမူတည်ပြီး ပြုလုပ်လေ့ရှိကြပါတယ်။ တချို့ဒေသတွေမှာ ဩဂုတ်လကတည်းက စတင်ကျင်းပပြီး တချို့က စက်တင်ဘာလ၊ တချို့က အောက်တိုဘာလမှာ ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလို ပြုလုပ်တဲ့နေရာမှာလည်း ရွာက အရင်လုပ်ပြီး၊ ဒေသအဆင့်၊  မြို့နယ်အဆင့်၊ ခရိုင်အဆင့်နဲ့ ပြည်နယ်အဆင့်ဆိုပြီး ဒီလို အဆင့်ဆင့် ကျင်းပရပါတယ်။ ပြည်နယ်လုံးကျွတ်ပွဲကိုတော့ နောက်ဆုံးမှာမှ  ကျင်းပလေ့ရှိတယ်လို့လည်း သိရပါတယ်။  ကယားအမျိုးသားတို့ရဲ့ ပြည်နယ်လုံးကျွတ်စုပေါင်း အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် နှောင်လိုင်ကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒိုပေါ်မီ ပွဲတော်ကျင်းပတာဟာ ကယားလီဖူးတို့ရဲ့ ခေါင်းဆောင်တွေကို အောက်မေ့ သတိရခြင်း၊ နိုင်ငံရေး အုပ်ချုပ်ရေးကို အထွတ်အထိပ်ထားခြင်း၊ မကောင်းဆိုးဝါးများ နှင်ထုတ်ခြင်း၊ ကျန်းမာရေး ကောင်းမွန်စေရေး၊ ရောဂါဘယ ကင်းဝေးခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ လူထုစီးပွားရေးအတွက် အထွတ်အထိပ်ထားခြင်း စတဲ့ တန်ဖိုးကြီးလှတဲ့ ရိုးရာအစဉ်အလာကောင်း တရပ် ဖြစ်ပါတယ်လို့ ကယားအမျိုးသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ခူးဖဲညွန့်ရယ်က ပွဲတက်ရောက် လာသူတွေကို ရှင်းပြခဲ့ပါတယ်။  ဒီလိုပွဲပြုလုပ်ရတာဟာလည်း ကယားလူမျိုးတို့ရဲ့ မိရိုးဖလာ မပပျောက်အောင် ထိန်းသိမ်းကာကွယ်တာ ဖြစ်တယ်လို့  လွိုင်ကော်မြို့နယ် မထောခူကျေးရွာမှာနေတဲ့ ဦးလူရယ်က ပြောပါတယ်။ “ဒီရှမ်းပြည်နယ်မှာ ရှိကြတဲ့ ကယားမျိုးနွယ်စုရယ်၊ ကျနော်တို့ ကယားပြည်နယ်မှာ ရှိကြကုန်သော ကယားမျိုးနွယ်စုအားလုံးဟာ ကျနော်တို့ ဒီမိရိုးဖလာဒလေ့ထုံးစံကို မပပျောက်အောင် ဆိုတဲ့ ကျနော်တို့ ပြန်စည်းရုံးနှိုးဆော်ကြတယ်။ ပွဲ တနှစ်ပြီး တနှစ် မြို့နယ်၊ ခရိုင်ပြည်နယ်အလိုက် မဖြစ် ဖြစ်တဲ့နည်းနဲ့ ကျနော်တို့ လုပ်ဆောင်ပါတယ်။ ” ဒါ့အပြင် ဒီပွဲပြုလုပ်ရခြင်းဟာ မြို့ထဲရွာထဲတွေမှာ ရှိကြတဲ့ မကောင်းဆိုဝါးအားလုံး မောင်းထုတ်၊ နှင်ထုတ်တာဖြစ်ပြီး ဒီမကောင်းဆိုးဝါးတွေ ထွက်သွားမှသာ အေးအေးချမ်းချမ်း နေထိုင်ရမယ်လို့လည်း ယုံကြည်ကြပါတယ်။ ဒီလို နှင်ထုတ်တာအပြင် ရှေးဘိုးဘွားစဉ်ဆက်က သေဆုံးသွားခဲ့တဲ့ သူတွေကိုလည်း ပူဇော်ပသတာဖြစ်ပြီး ဒီလိုမှ မပူဇော်ရင် သေဆုံးသွားပြီဖြစ်တဲ့ ဘိုးဘွားတွေက ပြန်လည်ဒုက္ခပေးကြလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ “ကျနော်တို့ မကျင်းပဘူး ဆိုလို့ရှိရင်တော့ ဒီရှေးရှေးတုန်းက ရှိခဲ့ကြကုန်သော ကျနော်တို့ ဆွေမျိုးတော်စပ်ခဲ့ဖူးတဲ့ အဘိုး၊ အဘွား၊ မိဘ၊ ညီကိုမောင်နှမတွေ အားလုံးတတွေဟာ ကျနော်တို့က ဖျားအောင်၊ နာအောင် ပြန်လုပ်ပါတယ်။ ဒါကြောင့် မဖြစ်မနေ တနှစ် တကြိမ် ရွာတိုင်းမှာ ပြုလုပ်ပါတယ်။” ဒီပွဲမှာတွဲလျက် တွေ့မြင်ရတဲ့ ဒီးကူ (ကောက်ညှင်းထုပ်)ရဲ့ အဓိပ္ပာယ်ဖော်ဆောင်ပုံကတော့ ကယားလူမျိုးတို့ဟာ ရေကြည်ရာ မြက်နုရာကို ရှာဖွေရင်း ငွေတောင်ပြည် ဒီးမော့ဆိုဘေးမှာ အခြေချနေထိုင်ခဲ့ကြပါတယ်။  အဲဒီအချိန်မှာ ကျူးကျော်လာတဲ့ ယွန်းလူမျိုးတွေကို စုပေါင်းအင်အားနဲ့ တိုက်ထုတ်ရင်း စည်းလုံးညီညွတ်ခြင်းကို ဂုဏ်ပြုသောအားဖြင့် (တစ်ခု) ဒီးကူ ဆိုပြီး သုံးနှုန်းတာဖြစ်ပါတယ်။ ဒီးကူကို ကိုင်းပင်တမျိုးရဲ့ အရွက်နဲ့ ကောက်ညှင်းထုပ်ကာ ချည်နှောင်ချက်ပြုတ်ထားပြီး မပုပ်မသိုးဘဲ ကြာရှည် အထားခံနိုင်အောင် ရိက္ခာအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ယွန်းတွေရဲ့ ကျူးကျော်မှုကို(ကယား) ကရင်နီလူမျိုးတို့က “ဒီးကူ” ကို ရိက္ခာအဖြစ် အသုံးပြုခဲ့ကြရင်း နေ့ရောညပါ အဆက်မပြတ် တိုက်ထုတ် အောင်နိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် ယွန်းလူမျိုးတို့ရဲ့ ဖိနှိပ်ကျွန်ပြုမှုအောက်က လွတ်မြောက်အောင် အဓိက ဦးဆောင်ခဲ့ကြတဲ့ ကယား၊ ကယန်းနဲ့ ကယောတို့ကို ရည်စူးပြီး ဒီနေ့ထိတိုင် မမေ့နိုင်အောင် သုံးထောင့်ပုံသဏ္ဌာန် ကောက်ညင်းထုပ်ကို သုံးခုလျှင် တစည်းတည်းဖြစ်အောင် စည်းထားပါတယ်။ တစည်းချင်းကိုလည်း နှီးနဲ့ စုပေါင်းတွဲကာ တရေ၊ နှစ်ရေ ခန်းတဲ့အထိ တညလုံး ပြုတ်ကြရပါတယ်။ ယွန်းလူမျိုးတွေကို တိုက်ထုတ်နိုင်ခဲ့တဲ့ အချိန်ဟာ အခုလို မိုးရာသီအချိန်မှာ ဖြစ်တဲ့အတွက် စက်တင်ဘာနဲ့ အောက်တိုဘာလတွေထဲမှာ “ဖိနှိပ်မှုမှ ​လွတ်မြောက်တဲ့ အထိမ်းအမှတ်” အနေနဲ့ ဒီးကူပွဲ ခေါ် ကောက်ညှင်းထုပ်ပွဲကို နှစ်စဉ်နဲ့အမျှ ကျေးရွာတိုင်းလိုလိုက သူ့ရွာနဲ့သူ ကြက်ရိုးထိုးပြီး ပွဲကျင်းပဖို့ ရက်တွေ သတ်မှတ်လာခဲ့ကြတာပါ။ ဖယ်ခုံမြို့နယ်က ကယားလူငယ်တဦးဖြစ်တဲ့ ခူးဦးရယ်ကတော့ ဘိုးဘွားတွေစဉ်ဆက် ကျင်းပလာတဲ့ပွဲကို အခုလို ပြန်လည်ကျင်းပနိုင်တာကို ဝမ်းသာဂုဏ်ယူကြောင်းနဲ့ လူငယ်တွေ အနေနဲ့ ဆက်လက်သယ်ဆောင် ကျင်းပသွားမယ်လို့ ပြောပါတယ်။ “အရင်တုန်းက ဒီလို ကျင်းပခွင့် မရှိဘူး။ အခု ပြန်လည်ကျင်းပခွင့်ရတယ်ဆိုတော့ ကျနော်တို့ လူငယ်တွေက ဒီပွဲမျိုးကို ပြန်လည်တွေ့ရတယ်။ စည်းစည်းလုံးလုံးနဲ့ ပြန်လည်ဆုံတွေ့ရတဲ့အတွက် ကျနော်က အင်မတန်မှ ဝမ်းသာတာပေါ့။ ဘာဖြစ်လဲဆိုရင် ကျနော်တို့လူငယ်တွေက အနေဝေးကြတယ်။ အလုပ်အကိုင်ကြောင့် အနေဝေးကြတယ်။ အခုက ဒီပွဲကြောင့် လာရောက်ကြတယ်။ တချို့က ပြန်လာကြတယ်။ အဝေးကနေ ပြန်လာတယ်။ ပြန်လာတော့ တယောက်နဲ့ တယောက် ပြန်လည်တွေ့ဆုံရတယ်။ အဲဒါကြောင့် အများကြီး ဝမ်းသာတယ်။ ” ဒီလို ကယားတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေထဲက တခုဖြစ်တဲ့ အဲ့ဒိုပေါ်မီပွဲကြီးကို အနာဂတ် မျိုးဆက်သစ်လူငယ်တွေ ရာသက်ပန် လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ကြပါစေ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up