ဟောင်ကောင် ဆန္ဒပြပွဲကို ထောက်ခံသည့် အမေရိကန် ဘက်စကတ်ဘောအသင်း၏ ကစားပွဲ ထုတ်လွှင့်မှု တရုတ် ရုပ်သံ ရပ်ဆိုင်း

အမေရိကန် ကြေးစား ဘက်စကတ်ဘောအသင်း Houston Rockets ရဲ့ မန်နေဂျာချုပ်က ဟောင်ကောင်မှာ လတ်တလော ဖြစ်ပျက်နေတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ထောက်ခံကြောင်း တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့အပြီးမှာ အဲဒီအသင်းနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို ရပ်တန့်မယ်လို့ တရုတ်အစိုးရ ရုပ်သံ CCTV နဲ့ စီးပွားရေး လုပ်ငန်းတွေက ပြောလိုက်ပါတယ်။
CCTV ရဲ့ အားကစား ရုပ်သံလိုင်း၊ အားကစားအစီအစဉ်တွေကနေ ဒီအသင်းရဲ့ ကစားပွဲတွေကို ထုတ်လွှင့်ပြသမှု ရပ်ဆိုင်းမယ်လို့ CCTV က အောက်တိုဘာ ၇ ရက်မှာ ရုပ်သံ ကြေညာချက်ထုတ်ပြန်ပါတယ်။
အားကစားဝတ်စုံ ထုတ်လုပ်တဲ့ ကုန်အမှတ်တံဆိပ် လီနင်းနဲ့ ရှန်ဟိုင်းပူဒေါင် ဖွံ့ဖြိုးရေး ဘဏ်ရဲ့ ခရက်ဒစ်ကတ် ဌာနတို့ကလည်း Houston Rockets မန်နေဂျာချုပ်ရဲ့ မှတ်ချက်ကို ပြစ်တင်ရှုတ်ချပြီး ဆက်ဆံရေး ရပ်ဆိုင်းမယ်လို့ အောက်တိုဘာ ၆ ရက်မှာ ပြောခဲ့ကြပါတယ်။
မန်နေဂျာချုပ် ဒေးရယ် မော်ရီကတော့ သူ့ရဲ့ မှတ်ချက်ကို အောက်တိုဘာ ၅ ရက်မှာ ပြန်ဖြုတ်ချခဲ့ပြီး တောင်းပန်ခဲ့ပါတယ်။ တရုတ်နိုင်ငံထဲက အသင်းကို အားပေးသူ အားကစား ဝါသနာအိုးတွေကို အတိုက်အခံ လုပ်ဖို့ မရည်ရွယ်ခဲ့ဘူးလို့လည်း ပြောပါတယ်။
Houston Rockets ဘတ်စ်ကက်ဘော အသင်းဟာ တရုတ် အားကစားသမား ယောင်မင်ကို ၂၀၀၂ မှာ အသင်းဝင်အဖြစ် ရွေးချယ်ခဲ့လို့ တရုတ်နိုင်ငံထဲမှာ ဒီအသင်းကို ကျယ်ကျယ်ပြန့်ပြန့် အားပေးကြတာပါ။
ဒါကြောင့် ယောင်မင်ဟာ အားကစား ငွေကြယ်ပွင့် ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံထဲမှာ အမျိုးသား ဘတ်စကက်ဘောအသင်းကို တည်ထောင်ရာမှာ ကူညီခဲ့ပါတယ်။