Home
မြန်မာသတင်း
တရုတ်ဘက်ကို ကျည်ထပ်မကျဖို့ တရုတ်အစိုးရ မြန်မာကို သတိပေး
အေးနိုင်
·
January 5, 2013
Myanmar and Chinese national flags are seen on a table during the opening ceremony of opening office of Pyithau Hluttaw Commission for Assessment of Legal Affairs and Special Issues office, in Yangon
မြန်မာ့တပ်မတော်နဲ့ ကေအိုင်အိုအကြား တိုက်ပွဲဖြစ်တဲ့အတွက် တရုတ်နိုင်ငံဘက်ခြမ်းကို ဗုံး ၃ လုံး ကျပြီးတဲ့နောက်မှာ အလားတူ ထပ်မံမဖြစ်ပွားအောင် ဆောင်ရွက်ဖို့ တရုတ်အစိုးရက သတိပေးလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချွန်ယင်က ဇန်န၀ါရီ ၄ ရက်နေ့ သောကြာနေ့တိုင်း ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာဖြစ်ပြီး တည်ငြိမ်မှုကို ထိန်းသိန်းဖို့ တိုက်တွန်းလိုက်တာကို တရုတ် ဆင်ဟွာ သတင်းက ဖော်ပြပါတယ်။ ဒီလို အလားတူ ဖြစ်ရပ်မျိုးတွေ မဖြစ်အောင် တားဆီးဖို့အတွက် ချက်ချင်း အရေးယူ ဆောင်ရွက်ဖို့ တရုတ်ဘက်က မြန်မာဘက်ကို တောင်းဆိုပါတယ်လို့ ပြောခွင့်ရအမျိုးသမီးက ပြောဆိုပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက တရုတ်ပိုင်နက်မြေပေါ်ကို ဗုံး ၃ လုံးကျရောက် ပေါက်ကွဲတယ်ဆိုတာကို သူက အတည်ပြုပြောဆိုသွားပြီး ထိခိုက်ဒဏ်ရာရမှု တစုံတရာ မရှိဘူးလို့ ပြောပါတယ်။ တရုတ်နိုင်ငံဘက်ကို နယ်စပ်ကလူတွေ ထွက်ပြေးရောက်ရှိခြင်း မရှိဘူးလို့ မြန်မာတဖက်ကမ်း ယူနန်ပြည်နယ် အနောက်တောင်ပိုင်း အုပ်ချုပ်ရေး အာဏာပိုင်တွေက ပြောပါတယ်။ မြန်မာပြည် မြောက်ပိုင်းမှာ ဖြစ်နေတဲ့ကိစ္စက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်ပါတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးက ပြောဆိုပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းမှာ မြန်မာ့တပ်မတော်က တရုတ်-မြန်မာနယ်စပ် အခြေပြုတဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ကာရံထားတဲ့ ကေအိုင်အိုတပ်စခန်းတွေကို လေကြောင်း၊ ကြည်းကြောင်းနဲ့ တိုက်ခိုက်တဲ့အတွက် ပွိုင့် ၇၇၁ ကို ကေအိုင်အိုဘက်က လက်လွတ်ဆုံးရှုံးခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ ကေအိုင်အိုကို အစိုးရက နယ်ခြားစောင့်တပ်ပြောင်းဖို့နဲ့ လက်နက်စွန့်ဖို့ တောင်းဆိုခဲ့ရာက ၂၀၁၁ ခုနှစ် ဇွန်လမှာ အပစ်အခတ်ရပ် သဘောတူညီချက်ပျက်ပြီး တိုက်ပွဲတွေဖြစ်နေပြီး စစ်ရှောင်ဒုက္ခသည် ၁ သိန်းကျော်ရှိ နေပါတယ်။ နှစ်ဘက်အကြား ၁၁ ကြိမ် တွေ့ဆုံပေမယ့် သိသာတဲ့ထူးခြားမှုမတွေ့ရသေးပါဘူး။ တရုတ်နိုင်ငံဟာ ၁၉၈၈ ခုနှစ် နှောင်းပိုင်းကာလမှာ မြန်မာစစ်အစိုးရကို အထောက်အပံ့ပေးတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024