သီတင်းကျွတ်ကာလ ကားလက်မှတ်အခက်အခဲရှိသူများ YRTA ထံ အကူအညီတောင်းနိုင်
အာကာ
·
October 7, 2019
သီတင်းကျွတ်ကာလ နယ်ဝေးသွားမယ့် ခရီးသွားတွေအတွက် ကားထပ်တိုးပေးဖို့ မရှိပေမယ့် လက်မှတ်အခက်အခဲရှိရင် YRTA အဝေးပြေးကို အကူအညီတောင်းခံနိုင်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အောက်တိုဘာ ၇ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျရဲ့ သီတင်းကျွတ်ပိတ်ရက် နယ်ကိုခရီးသွားလာမယ့် သူတွေအတွက် အဆင်ပြေအောင် ဘယ်လို ကြိုတင်စီမံဆောင်ရွက်ပေးမလဲဆိုတာ သိရှိလိုကြောင်း မေးမြန်းမှုကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။
သီတင်းကျွတ်ကာလဟာ သင်္ကြန်ကာလလို ကားတွေ ရပ်နားတာမရှိတဲ့အတွက် YBS လိုင်းက ကားတွေ ဖြည့် ပြေးဆွဲပေးဖို့ မလိုတဲ့ အခြေအနေရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။
လက်ရှိမှာလည်း ယာဉ်လိုင်းတွေအနေနဲ့ ကားလက်မှတ်တွေကို အွန်လိုင်းက ရောင်းချပေးတာနဲ့ ကားမရှိဘဲ လက်မှတ်ရောင်းချတာမျိုးတွေ မလုပ်အောင်၊ စျေးတင်ရောင်းချတာ တွေ မလုပ်အောင် ကြပ်မတ်ထားတယ်လို့လည်း ပြောပါတယ်။