Home
ဆောင်းပါး
နိုင်ခဏာကွန်၊ အီဗရာဟင်သောကနှင့် တရားမျှတမှု
DVB
·
October 7, 2019
တရားသူကြီး ဟူသည်မှာ မှန်ကန်စွာ တရားစီရင်ရေးအတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိသူ တယောက် ဖြစ်သည်။ တရားသူကြီးတယောက်၏ ဆင်ခြင်တုံတရားကို ဆုံးဖြတ်ချက်ချလိုက်သော စီရင်ချက်အပေါ်တွင် အခြေပြု လေ့လာသိရှိနိုင်သည်။ တရားစီရင်ရေးအာဏာ ဆိုသည်မှာလည်း တရားခွင်ပေါ် ရောက်ရှိလာသော အမှုကိစ္စရပ်အတွက် အမှန်တရားနှင့် အများအကျိုးအတွက် ပြည်သူလူထုက ယုံကြည်စွာ အပ်နှံထားသော လုပ်ပိုင်ခွင့်မျှသာ ဖြစ်သည်။ ကိုယ်ပိုင်မွေးရာပါ အခွင့်အာဏာကား မဟုတ်ချေ။ အဆိုပါလူထုက ယုံကြည်စွာ အပ်နှံထားသော တရားစီရင်ပိုင်ခွင့်အာဏာကို အလွဲသုံးစား မပြုသင့်။ ယင်းကို အလွဲသုံးစားပြုမိခဲ့ပါက ပြည်သူကို စော်ကားခြင်း မည်ပေသည်။ ဤသည်ကို တရားသူကြီး လုပ်မည့်သူများ အစဉ်သတိချပ်သင့်သည်။ မှန်ကန်စွာ တရားစီရင်ပိုင်ခွင့်သည် တရားသူကြီးတွင်သာ တာဝန်ရှိသောကြောင့် အဆိုပါ တရားစီရင်ပိုင်ခွင့် အာဏာသည် ဥပဒေနှင့်လျော်ညီ လွတ်လပ်စွာ စီရင်ပိုင်ခွင့်ရှိရန် လိုသည်။ တစုံတဦး၊ သို့မဟုတ် အထက်အဖွဲ့အစည်း၊ သို့မဟုတ် အုပ်ချုပ်ရေး၊ ကာကွယ်ရေးတို့၏ လွမ်းမိုး ချုပ်ကိုင်မှုရှိပါက လွတ်လပ်သော တရားစီရင်ရေးဖြစ်ရန် မလွယ်။ တနည်းဆိုသော် “ဥပဒေအထက်တွင် မည်သူမည်သူမျှ မရှိစေရ” ဟူသော အဆိုသည် လွတ်လပ်စွာ တရားစီရင်ခွင့်ကို တောင်းဆိုထားချက်တခုပင် ဖြစ်သည်။ သို့သော် ပြဋ္ဌာန်းချက်နှင့် ကြွေးကြော်သံတို့ကား မည်သို့ပင်ဖြစ်စေ မပြောင်းနိုင်သော အမူအကျင့်ကြောင့် ဖြစ်စေ၊ ဥပဒေအထက်တွင် အထက်အကြီးအကဲတို့၏ ဖိအားဖြင့် လွှမ်းမိုးချုပ်ကိုင်ခြင်းတို့ ရှိတတ်မြဲပင်။ ယခင်က ရှိလည်း ရှိခဲ့သည်။ ရှိနေဆဲလည်း ဖြစ်သည်ကိုလည်း တွေ့နေရသေးသည်။ ဤသို့ အထက်အဖွဲ့အစည်း၏ လွှမ်းမိုးမှု ရှိပင်ရှိငြားသော်လည်း တရားသူကြီး တယောက်အနေဖြင့် လက်မခံသင့်။ မိမိတို့ ကျမ်းသစ္စာကျိန်ဆိုခဲ့သော အဂတိမလိုက်စားဘဲ တရားစီရင်ရေးကို မမေ့ကြရန် လိုသည်။ ထို့အပြင် ယင်းသို့ လွှမ်းမိုးမှုကို လက်ခံပြုမူ ဆုံးဖြတ်ခြင်းဖြင့် မိမိ၏ “ကိုယ်ရည်ကိုယ်သွေး”ကို ထိခိုက်စေသည့်အပြင် မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို အစော်ကားခံလိုက်ရခြင်းလည်း ဖြစ်သည်ဟု မှတ်ယူအပ်သည်။ ထိုသို့ စော်ကားခံရခြင်းကို ရဲရဲဝံ့ဝံ့ တုံ့ပြန်ရဲသော သူရဲကောင်း တရားသူကြီး တယောက်အကြောင်းကို မကြာသေးမီက ဖတ်ရှုခွင့်ရခဲ့သည်။ ထိုသူမှာ မြန်မာတရားသူကြီးကား မဟုတ်။ ထိုင်းနိုင်ငံတောင်ပိုင်း “ယလာခရိုင်”က ခရိုင်တရားသူကြီး ‘နိုင်ခဏာကွန် ဖိန်းချန’ ပင် ဖြစ်သည်။ ထိုင်းတရားသူကြီး၏ ဖြစ်စဉ်မှာ ထိုင်းစစ်တပ်က နိုင်ငံတော် လုံခြုံရေးနှင့်ပတ်သက်၍ လူပုဂ္ဂိုလ် ငါးဦးအား စွဲချက်တင်ထားသည်။ ထိုပုဂ္ဂိုလ်များထဲက သုံးဦးအား သေဒဏ်ပေးရန်နှင့် ကျန်နှစ်ဦးအား တသက်တကျွန်းဒဏ်ပေးရန် အထက်မှ ညွှန်ကြားချက်ပေးခြင်း ခံရသည်။ သို့ရာတွင် ထိုင်းတပ်မတော်၏ စွဲဆိုချက်မှာ အထောက်အထား ခိုင်လုံမှု အားနည်းနေသည့်အပြင် ပြည့်စုံမှုမရှိသည်ကို အမှုအနေအထားအရ တွေ့နေရသည်။ အမှုအနေအထားအရ ပြည့်စုံမှုမရှိသော တပ်မတော်၏ စွဲဆိုချက်မှာ တရားသူကြီးတယောက်၏ ဆင်ခြင်တုံတရားအရ စွဲချက်တင်ရန် အခက်အခဲ ရှိနေသည်။ တရားစွဲဆို၍ သေဒဏ်ပေးရန် အထက်ဖိအားကလည်း ပြင်းထန်နေဟန်ရှိသည်။ ဤသည်မှာ ခရိုင်တရားသူကြီး “နိုင်ခဏကွန်”တယောက် ရင်ဆိုင်နေရသော Dilemma တခုပင် ဖြစ်သည်။ အကယ်၍ သင် ဖြစ်နေလျှင် ယင်းသို့သော အခြေအနေကို  မည်သို့ ဆုံးဖြတ်ပါမည်နည်း။ မိမိ၏ ကိုယ်ပိုင်ဂုဏ်သိက္ခာ၊ မိမိ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အစော်ကားခံလိုက်ရသော အထက်အမိန့်အား နာခံခြင်းဖြင့် ရရှိမည့် ကိုယ်ကျိုးစီပွားတို့ကြားတွင် လူသားတယောက်အနေဖြင့် ရွေးချယ်ရ အလွန်ခက်ခဲပေလိမ့်မည်။ ဂုဏ်သိက္ခာနှင့် မိမိကိုယ်ရည်ကိုယ်သွေးအတွက် ရွေးချယ်လိုက်သည်နှင့်တပြိုင်တည်း ဘဝနှင့် အသက်အတွက် အန္တရာယ်ပင် ရှိနိုင်သည်။ တဖန် အထက်အမိန့်ညွှန်ကြားချက်ကို ရွေးပြန်လျှင်လည်း မိမိ၏ ကိုယ်ရည်ကိုယ်သွေးကို အစော်ကားခံလိုက်ရခြင်းနှင့် အမှန်ကို မျက်ကွယ်ပြု၍ အဂတိလိုက်စားခဲ့သော မိမိဘဝတလျှောက်လုံး မိမိလိပ်ပြာကို မိမိပင် ကြည်ညိုနိုင်မည် မဟုတ်။ ထို့အပြင် အခြား အပြစ်မဲ့သူတို့၏ ဘဝများစွာကို အဆုံးစီရင်ရာကျပေတော့မည်။ ဤရွေးချယ်မှုမှာ တဦးချင်းနှင့်ဆိုင်သော ကိုယ်ကျင့်တရားဟု ဆိုသော်ငြားလည်း လူသားအားလုံးနှင့်ဆိုင်သော စောင့်စည်းမှုတခုပင် ဖြစ်နေပြန်သည်။ ဤရွေးချယ်မှုကြောင့် အဆိုပါ တရားသူကြီးတယောက်သည် အဘယ်မျှ ပူပန်သောက (Anguish) ကို ခံစားနေရမည်ကို ခန့်မှန်းတွက်ချက်ရန်ပင် မလွယ်လှပေ။ အဆုံးတွင် လူသားအားလုံးနှင့်ဆိုင်သော အကျိုးစီးပွားနှင့် တဦးချင်း အကျိုးစီးပွားတို့ကို ရွေးချယ်ရပေတော့မည်။ ဤရွေးချယ်မှုမျိုးတွင် ကြားနေ၍ မရ။ တဖက်ဖက်ကို အတိအကျ ဆုံးဖြတ်ချက် ပေးရမည်သာ။ Bad faith လုပ်၍ မရ။ ဟန်ဆောင်ရှောင်လွှဲ၍ မဖြစ်။ ဤသည်ကို အတွေးခေါ်ရှင်ကြီး ယန်းပေါဆတ်ထ်က “အီဗရာဟင်၏ သောက”ဟု ကင်ပွန်းတပ်ခဲ့သည်။  အီဗရာဟင်သည် ညက အိပ်မက်မက်ခဲ့သည်။ အိပ်မက်ထဲတွင် ဘုရားသခင်အား ယုံကြည်မှု ပြသရန် သားဖြစ်သူကို ယစ်ပူဇော်၍ ပြသရမည်ဟု အိပ်မက် မက်ခဲ့သည်။ မနက်လင်းသည်နှင့် ဤအိပ်မက်အတွက် တာဝန်အရှိဆုံးမှာ အီဗရာဟင်ပင် ဖြစ်သည်။ အိပ်မက် အမှန်တကယ် မက်ခြင်း ဟုတ်၊ မဟုတ်ကိုလည်း အီဗရာဟင် ကိုယ်တိုင်ပင် အသိဆုံး ဖြစ်သလို အိပ်မက် အမှန်တကယ် မက်ခြင်း ရှိ၊ မရှိကိုလည်း သူပင် ဆုံးဖြတ်ရပေလိမ့်မည်။ ထို့အပြင် အိပ်မက်အမှန်တကယ်မက်ခဲ့သည်ဆိုလျှင်လည်း သူ့၏ရင်နှစ်သည်းချာ သားငယ်အား ယစ်ပူဇော်ခြင်း ပြု၊ မပြုကိုလည်း အီဗရာဟင်ကိုယ်တိုင်ပင် ဆုံးဖြတ်ချက်ပေးရပေမည်။ ဤအတွက် အီဗရာဟင်အနေဖြင့် လွတ်လပ်စွာ ရွေးခွင့်ရှိနေပြန်သည်။ ထိုသို့ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသောကြောင့်လည်း အီဗရာဟင်တယောက် ပူပန်သောကရောက်နေရသည်။ ယင်းကို အခြေပြု၍ “ယန်းပေါဆတ်ထ်” က “အီဗရာဟင်သောက”ဟု ဆိုခဲ့ဖူးသည်။ ဆက်လက်၍ ဖော်ပြရာတွင် လူသည် ရွေးချယ်မှုတခုကို လုပ်တိုင်း သူ့အတွက် ကောင်းမှ ရွေးချယ်ပေလိမ့်မည်။ ထိုရွေးချယ်မှုကိုလည်း ရွေးချယ်သူကိုယ်တိုင် တာဝန်ယူနိုင်သော ရွေးချယ်မှု ဖြစ်ရပေမည်။ မိမိရွေးချယ်မှုကို မိမိကိုယ်တိုင် တာဝန်ယူရသောကြောင့်လည်း အများအတွက် မကောင်းလျှင် ရွေးချယ်လိမ့်မည် မဟုတ်ဟု ဆိုပြန်သည်။ ဤသည်မှာ ယန်းပေါဆတ်၏အယူ ဖြစ်သည်။ အီဗရာဟင်၏အယူ မဟုတ်ပါချေ။  အမှန်တရားနှင့် ရွေးချယ်ခွင့်သည် အီဗရာဟင်ထံမှာ ရှိနေသည်။ အီဗရာဟင်၏ ရွေးချယ်မှုအတွက် မည်သူ တဦးတယောက်ထံတွင်မျှ မရှိ။ မည်သူမှလည်း ဆရာကြီး လုပ်၍ ဆုံးဖြတ်ချက်ကို အကြံပြုခွင့် မရှိပေ။ ဤသို့သော ရွေးချယ်မှုအတွက် ပူပန်သောကရောက်ခြင်းမျိုးကို ထိုင်းနိုင်ငံ တရားသူကြီးသာမက နေရာဒေသအသီးသီးနှင့် နိုင်ငံအရပ်ရပ်ရှိ တရားသူကြီးများလည်း ကြုံတွေ့ရနိုင်ဖွယ် ရှိပါသည်။ မြန်မာပြည်ကဲ့သို့ အာဏာရှင် ဩဇာမကင်းသောနိုင်ငံများဆိုလျှင် ပြောပြနိုင်ဖွယ်ရာပင် မမြင်။ ထိုင်းနိုင်ငံတောင်ပိုင်း “ယလာ”ခရိုင် တရားသူကြီး “နိုင်ခဏာကွန်” လည်း ကြုံလိုက်ရသည်။ သူ၏ သေတမ်းစာအရ ဆိုလျှင်… “အီဗရာဟင် သောက”ကို   ထပ်တူခံစားသွားရသည်ဟုပင် ဆိုနိုင်သည်။ ၎င်းက “တရားသူကြီးတဦးအနေဖြင့် အထက်က ဖိအားပေးမှုကြောင့် မမှန်မကန် ဆုံးဖြတ်ရမည် ဆိုလျှင် သေတာက မြတ်ဦးမည်”ဟု ဖွင့်ဟ ထုတ်ဖော်ထားခဲ့သည်။ ပြီးသည်နှင့် စွဲချက်တင်ထားသူ ငါးဦးလုံးကို တရားသေ လွှတ်ပေးလိုက်တော့သည်။ ထို့နောက် အသင့်ပါလာသော သေနတ်ဖြင့် သူ့ရင်အုံအား ပစ်ခတ် အဆုံးစီရင်လိုက်သည်။ ဤကား တရားမျှတမှုအတွက် ခရိုင်တရားသူကြီး “နိုင်ခဏာကွန်း”၏ ရွေးချယ်မှုပင် ဖြစ်ပေတော့သည်။ သူ၏ ရွေးချယ်မှုသည် တဦးချင်းနှင့်ဆိုင်သော ကိုယ်ကျင့်တရား အယူအဆကို လူသားအားလုံးနှင့်ဆိုင်သော စောင့်စည်းနိုင်မှုတရားအဖြစ်သို့ပင် သယ်ဆောင်ယူငင်သွားနိုင်သူ ဖြစ်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင် ရေးသားလိုက်ရပေသည်။       တရားသူကြီး ‘နိုင်ခဏာကွန် ဖိန်းချန’ တွေ များစွာ ထွက်ပေါ်လာနိုင်ပါစေသတည်း….။ ထွန်းဇော်ဌေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024